ဆာလံကျမ်း
အခန်းကြီး ၅
အကျွန်ုပ် စကား နားထောင်တော်မူပါ
၁ အိုထာဝရဘုရား အကျွန်ုပ်၏ စကားကို နားထောင်တော်မူ၍၊ အကျွန်ုပ် မြည်တမ်းခြင်းကို ဆင်ခြင်တော်မူပါ။ ၂ အကျွန်ုပ်၏ ရှင်ဘုရင် အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကို ဆုတောင်းသည် ဖြစ်၍၊ အကျွန်ုပ် အော်ဟစ်သော အသံကို နားထောင်တော်မူပါ။ ၃ အိုထာဝရဘုရား၊ နံနက်အခါ အကျွန်ုပ် စကားသံကို ကြားတော်မူရပါ၏။ နံနက်အခါ ကိုယ်တော်ကို မျက်မှောက်ပြု၍ မြော်လင့်ပါမည်။ ၄ ကိုယ်တော်သည် မတရားသော အမှုကို နှစ်သက်သော ဘုရားမဟုတ်။ ဆိုးသောသူကို လက်ခံတော်မမူ။ ၅ မိုက်သောသူသည် အထံတော်သို့ မဝင်ရ။ မတရားသဖြင့် ပြုသောသူ အပေါင်းတို့ကို မုန်းတော်မူ၏။ ၆ မုသာစကား ပြောသောသူတို့ကို ဖျက်ဆီးတော်မူ၏။ လူ့အသက်ကို သတ်တတ်သောသူနှင့် လှည့်စားတတ်သောသူတို့ကို ထာဝရဘုရား စက်ဆုပ်ရွံ့ရှာတော်မူ၏။ ၇ အကျွန်ုပ်မူကား များစွာသော ကျေးဇူးတော်ကို ခံစားရသဖြင့် အိမ်တော်သို့ရောက်၍ ကိုယ်တော်ကို ကြောက်ရွံ့သော စိတ်နှင့်သန့်ရှင်းသော ဗိမာန်တော်တွင် ကိုးကွယ်ပါလိမ့်မည်။
လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်း
၈ အိုထာဝရဘုရား အကျွန်ုပ်၏ ရန်သူတို့ကြောင့် အကျွန်ုပ်ကို တရားတော်လမ်းထဲသို့ ပို့ဆောင်တော်မူပါ။ ကိုယ်တော်၏ လမ်းကို အကျွန်ုပ်ရှေ့မှာ ဖြောင့်စေတော်မူပါ။ ၉ သူတို့နှုတ်တွင် သစ္စာမရှိပါ၊ သူတို့နှလုံးသည် အလွန်ဆိုးဝါး၏။ သူတို့၏ လည်ချောင်းသည် ဖွင့်ထားသော သင်္ချိုင်းတွင်းဖြစ်ပါ၏။ [A] သူတို့သည်လျှာနှင့် ချော့မော့တတ်ကြ၏။ ၁၀ အိုဘုရားသခင် သူတို့အပေါ်မှာ အပြစ် ရောက်စေတော်မူပါ။ မိမိတို့ အကြံအစည် အားဖြင့်လဲ ကြပါစေသော်။ ကိုယ်တော်ကို ပုန်ကန်သောသူ ဖြစ်၍၊ ပြစ်မှားသော အပြစ်များသောကြောင့် သူတို့ကို နှင်ထုတ်တော်မူပါ။
ကိုယ်တော်ကို ကိုးစားသောသူတို့
၁၁ ကိုယ်တော်ကို ကိုးစားသောသူ တို့မူကား၊ ဝမ်းမြောက် ကြပါစေသော်။ စောင့်ရှောက်တော်မူခြင်းကိုခံရ၍ ဝမ်းမြောက်သည်နှင့် ကြွေးကြော် ကြပါစေသော်။ နာမတော်ကို ချစ်သောသူတို့သည် ကိုယ်တော်ကြောင့် ဝမ်းသာရွှင်လန်းခြင်း ရှိကြပါစေသော်။ ၁၂ အိုထာဝရဘုရား၊ ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းကြီးပေး၍၊ ကျေးဇူးတော်အားဖြင့် ကွယ်ကာ စောင့်မတော်မူလိမ့်သတည်း။