ဆာလံကျမ်း
အခန်းကြီး ၃၈
အောက်မေ့စေခြင်းငှါစပ်ဆိုသောဆာလံ။
၁ အိုထာဝရဘုရား၊ အမျက်တော်ထွက်၍ အကျွန်ုပ်ကို အပြစ်တင် တော်မမူပါနှင့်။ ပြင်းစွာသော စိတ်တော်ရှိ၍ ဆုံးမတော်မမူပါနှင့်။ ၂ မြှားတော်တို့သည် အကျွန်ုပ်၌ စူးဝင်၍ လက်တော်သည် အကျွန်ုပ်ကို နှိပ်လျက်ရှိပါ၏။ ၃ အမျက်တော် ထွက်သောကြောင့် အကျွန်ုပ် အသားသည် ကျန်းမာခြင်းမရှိပါ။ ဒုစရိုက်အပြစ်ကြောင့် အရိုးများထဲမှာ သက်သာခြင်း မရှိပါ။ ၄ အကျွန်ုပ် ပြုမိသော ဒုစရိုက်တို့သည် အကျွန်ုပ်ခေါင်းကို လွှမ်းမိုး၍ လေးသော ဝန်ကဲ့သို့အကျွန်ုပ် မထမ်းနိုင်အောင် လေးကြပါ၏။ ၅ အကျွန်ုပ် မိုက်သော အမှုကြောင့် အနာတို့သည် နံစော်၍ ရိယွဲ့လျက်ရှိကြပါ၏။ ၆ အကျွန်ုပ်သည် ပြင်းထန်စွာခံရ၍ အလွန် နှိမ့်ချလျက် ကြမ်းတမ်းသော အဝတ်ကိုဝတ်လျက် တနေ့လုံး သွားရပါ၏။ ၇ အကျွန်ုပ်ခါးသည် ပူလောင်သော အနာစွဲ၍ အသားသည်လည်း ကျန်းမာခြင်းမရှိပါ။ ၈ နုန့်နဲခြင်း၊ ကြေကွဲခြင်းရှိ၍၊ စိတ်နှလုံး လှုပ်ရှားသဖြင့် အော်ဟစ်ရပါ၏။
၉ အိုထာဝရဘုရားရှင်၊ အကျွန်ုပ် အလိုရှိသမျှသည် ရှေ့တော်၌ ထင်ရှားပါ၏။ အကျွန်ုပ် ညည်းတွားခြင်းကိုလည်း အကြွင်းမဲ့ သိတော်မူ၏။ ၁၀ အကျွန်ုပ်၏ နှလုံးတုန်လှုပ်၍ ခွန်အားလည်း ကုန်ပါပြီ။ မျက်စိအလင်းလည်း ကွယ်ပျောက်ပါပြီ။ ၁၁ အကျွန်ုပ်၏ အဆွေခင်ပွန်း အပေါင်းအဖေါ်တို့သည် အကျွန်ုပ် အနာရောဂါကြောင့် ဝေးဝေးရပ်လျက် ပေါက်ဖေါ် တို့သည်လည်း ရှောင်လျက် နေကြပါ၏။ ၁၂ အကျွန်ုပ်အသက်ကို ရှာသောသူတို့သည် ကျော့ကွင်းများကို ထောင်ထားကြပါ၏။ အကျွန်ုပ်၌ အပြစ်ပြုခြင်းအခွင့်ကို ရှာသောသူတို့သည် တနေ့လုံး မနာလိုသော စကားကိုပြော၍ မကောင်းသော ပရိယာယ်ကို ကြံစည်ကြပါ၏၊ ၁၃ အကျွန်ုပ်မူကား နားပင်းသော သူကဲ့သို့မကြား။ နှုတ်ကိုမဖွင့်တတ်သော လူကဲ့သို့ဖြစ်ပါ၏။ ၁၄ နားမကြား၊ ပြန်၍မငြင်းနိုင်သော သူကဲ့သို့ ဖြစ်ပါ၏။ ၁၅ အကြောင်းမူကား၊ အိုထာဝရဘုရား ကိုယ်တော်ကို အကျွန်ုပ် ကိုးစားပါ၏။ အကျွန်ုပ်၏ အရှင်ဘုရားသခင် ကိုယ်တော်သည် ပြန်ပြောတော်မူမည်။ ၁၆ သို့မဟုတ်သူတို့သည် အကျွန်ုပ်အမှုမှာ ဝမ်းမြောက် ကြပါလိမ့်မည်။ အကျွန်ုပ်သည်ခြေချော်သောအခါ အကျွန်ုပ်တဘက်၌ ကိုယ်ကို ချီးမြှောက် ကြပါလိမ့်မည်၊ ဟုလျှောက်ပါပြီ။ ၁၇ အကျွန်ုပ် လဲလုသည်ဖြစ်၍ ကိုယ်ဆင်းရဲခြင်းကို အစဉ် အောက်မေ့လျက် နေရပါ၏။ ၁၈ ကိုယ့်အပြစ်ကို ဖေါ်ပြပါ၏။ ပြစ်မှားမိသောကြောင့် စိတ်ပူပန်ခြင်း ရှိပါ၏။ ၁၉ အကျွန်ုပ်၏ ရန်သူတို့ကား ကျန်းမာလျက် ခွန်အားကြီးလျက် ရှိကြပါ၏။ အကျွန်ုပ်ကို မဟုတ်မမှန်ဘဲ မုန်းသောသူတို့ကား များပြားကြပါ၏။ ၂၀ အကျွန်ုပ်သည် ကျေးဇူးတရားကို ကြိုးစား၍ ကျင့်သောကြောင့် ကျေးဇူးအတွက် အပြစ် ပြုတတ်သောသူတို့သည် အကျွန်ုပ်ကို ရန်ဘက်ပြုကြပါ၏။ ၂၁ အိုထာဝရဘုရား အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။ အကျွန်ုပ်၏ဘုရား အကျွန်ုပ်နှင့် ဝေးဝေး နေတော်မမူပါနှင့်။ ၂၂ အကျွန်ုပ်ကို ကယ်တင်တော်မူသော ဘုရားရှင် အကျွန်ုပ်ကို မစခြင်းငှါ အလျှင်အမြန် ကြွလာတော်မူပါ။