ဆာလံကျမ်း
အခန်းကြီး ၃၆
၁ ဘုရားသခင်ကို ကြောက်ရွံ့ရသော အကြောင်းသည် မတရားသောသူ၏ မျက်စိ၌ မထင်၊ ဟုထိုသူပြုတတ်သော ဒုစရိုက်ကို ငါထောက်၍ သဘောကျ၏။ ၂ သူ၏ အပြစ်ကို တွေ့တော်မမူ ရွံရှာတော်မမူ၊ ဟုကိုယ်မျက်စိရှေ့၌ ကိုယ်ကောင်းသော အယောင်ကို ဆောင်တတ်၏။ ၃ သူပြောသော စကားသည် အဓမ္ မစကားလှည့်စားသော စကားဖြစ်သည်။ ကောင်းသောအကျင့်ကို ကျင့်စေတတ်သော ပညာကို စွန့်လေပြီ။ ၄ အိပ်ရာပေါ်မှာ မကောင်းသော အမှုကို ကြံစည်တတ်၏။ မကောင်းသော လမ်းသို့အမြဲလိုက်၍ ဆိုးယုတ်သော အကျင့်ကိုရွံရှာခြင်းမရှိ။
၅ အိုထာဝရဘုရား ကရုဏာတော်သည် ကောင်းကင်သို့၎င်း၊ သစ္စာတော်သည် မိုးတိမ်သို့၎င်း၊ မှီပါ၏။ ၆ ဖြောင့်မတ်တော်မူခြင်း တရားသည် ကြီးမားစွာသော တောင်ရိုးနှင့်တူပါ၏။ တရား စီရင်တော်မူချက်တို့သည် အလွန်နက်နဲရာ ဖြစ်ကြပါ၏။ အိုထာဝရဘုရား ကိုယ်တော်သည် လူမျိုးနှင့် တိရစ္ဆာန်မျိုးကို စောင့်မတော်မူ၏။ ၇ အိုဘုရားသခင် ကရုဏာတော်သည် အလွန် မြတ်နိုးဘွယ် ဖြစ်ပါ၏။ ထိုကြောင့် လူသားတို့သည် အတောင်တော်အရိပ်ကို ခိုလှုံလျက် နေရကြပါ၏။ ၈ အိမ်တော်၏ ကြွယ်ဝခြင်းနှင့် ရောင့်ရဲလျက် နေ၍ ကိုယ်တော်၏ ချမ်းသာမြစ်ရေကို သောက်စေခြင်းငှါ အခွင့်ပေးတော်မူ၏။ ၉ အကြောင်းမူကား ကိုယ်တော် ထံမှာ အသက်စမ်းရေတွင်း ရှိပါ၏။ အလင်းတော်ထဲမှာ အကျွန်ုပ်တို့သည် အလင်းကိုရကြပါ၏။ ၁၀ ကိုယ်တော်ကို သိသောသူတို့အား ကရုဏာတော်ကို၎င်း၊ သဘော ဖြောင့်သောသူတို့အား ဖြောင့်မတ်တော်မူခြင်း တရားကို၎င်း၊ တည်မြဲတည် စေတော်မူပါ။ ၁၁ မာန၏ခြေသည် အကျွန်ုပ်ကို မနင်းပါစေနှင့်။ မတရားသောသူတို့သည် အကျွန်ုပ်ကို နေရာမရွှေ့ကြပါနှင့်။ ၁၂ ဒုစရိုက်ကို ပြုသောသူတို့သည် ထိုအရပ်၌ ပင်လဲလျက် နေရကြပါ၏။ လှဲခြင်းကို ခံရသောကြောင့် တဖန်ထခြင်းငှါ မတတ်နိုင်ကြပါ။