ဆာလံကျမ်း
အခန်းကြီး ၂၉
ထာ၀ရဘုရားသည် ဘုန်းတန်ခိုးကြီး
၁ အိုဘုရားသခင်သားတို့ ထာဝရဘုရားသည် ဘုန်းတန်ခိုး ကြီးတော်မူသည်၊ ဟုဝန်ခံကြလော့။ ၂ ထာဝရဘုရား၏ နာမတော်သည် ဘုန်းကြီးတော်မူသည်၊ ဟုဝန်ခံလျက် သန့်ရှင်းသော တန်ဆာကိုဆင်၍ ထာဝရဘုရားကို ကိုးကွယ်ကြလော့။ ၃ ထာဝရဘုရား၏ အသံတော်သည် သမုဒ္ဒရာပေါ်မှာ ရှိတော်မူ၏။ ဘုန်းကြီးတော်မူသော ဘုရားသခင်သည် မိုးချုန်းတော်မူ၏။ ထာဝရဘုရားသည် များစွာသော ရေပေါ်မှာ ရှိတော်မူ၏၊ ၄ ထာဝရဘုရား၏ အသံတော်သည် တန်ခိုးနှင့် ပြည့်စုံတော်မူ၏။ ထာဝရဘုရား၏ အသံတော်သည် ဘုန်းအာနုဘော်နှ င့်ပြည့်စုံတော်မူ၏။ ၅ ထာဝရဘုရား၏ အသံတော်သည် အာရဇ်ပင်တို့ကို ချိုးတော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် လေဗနုန် အာရဇ်တောကို ချိုးတော်မူ၏။ ၆ တောကို နွားသငယ်ကဲ့သို့၎င်း၊ လေဗနုန်တောနှင့် စိရုန်တောကို ကြံ့သငယ်ကဲ့သို့၎င်း၊ ခုန်စေတော်မူ၏။ ၇ ထာဝရဘုရား၏ အသံတော်သည် မီးလျှံကို ခွဲတော်မူ၏။ ၈ ထာဝရဘုရား၏ အသံတော်သည် တောကို ချောက်ချားတော်မူ၏။ ထာဝရဘုရားသည် ကာဒေရှတောကို ချောက်ချားတော်မူ၏။ ၉ ထာဝရဘုရား၏ အသံတော်သည် သမင်ဒရယ်မတို့ကို မွေးဖွားစေတော်မူ၏။ တောတန်ဆာတို့ကိုလည်း ပယ်ရှင်းတော်မူ၏။ ဗိမာန်တော်၌ ခပ်သိမ်းသော သူတို့သည် ဘုန်းတော်ကို ဖေါ်ပြကြစေ။ ၁၀ ထာဝရဘုရားသည် မိုးသက် မုန်တိုင်းပေါ်မှာ ထိုင်တော်မူ၏။ အကယ်စင်စစ် ထာဝရဘုရားသည် အစဉ်အမြဲ ရှင်ဘုရင်အရာနှင့် ထိုင်တော်မူ၏။ ၁၁ ထာဝရဘုရားသည် မိမိလူစုကို ခိုင်ခံ့စေတော်မူမည်။ ထာဝရဘုရားသည် မိမိလူစုအား ငြိမ်သက်ခြင်း၊ ကောင်းကြီး မင်္ဂလာကို ပေးတော်မူမည်။