ဆာလံကျမ်း
အခန်းကြီး ၂၄
ထာ၀ရဘုရားသည် အားလုံးကို ပိုင်တော်မူ၏
၁ ထာဝရဘုရားသည် မြေကြီးနှင့် မြေကြီးတန်ဆာကို၎င်း၊ လောကဓာတ်နှင့် လောကသားတို့ကို၎င်း ပိုင်တော်မူ၏။ ၂ အကြောင်းမူကား ထိုနေရာကို သမုဒ္ဒရာပေါ်မှာ တည်၍၊ ရေများပေါ်မှာ မြဲမြံစေတော်မူပြီ။ ၃ ထာဝရဘုရား၏ တောင်တော်ပေါ်သို့ အဘယ်သူသည် တက်ရမည်နည်း။ သန့်ရှင်းရာ ဌာနတော်၌ အဘယ်သူသည် ရပ်နေမည်နည်း ဟူမူကား ၄ သန့်ရှင်းသောလက်နှင့် ဖြူစင်သော နှလုံးရှိသောသူ၊ မုသာကို မမှီဝဲမဆည်းကပ်၊ မမှန်သော ကျိန်ဆိုခြင်းကို မပြုသောသူသည်၊ ၅ ထာဝရဘုရား၏ လက်တော် မှကောင်းကြီး မင်္ဂလာကို၎င်း၊ ကယ်တင်တော်မူသော ဘုရားသခင်၏ လက်တော်မှ ဖြောင့်မတ်ခြင်း တရားကို၎င်း ခံရလိမ့်မည်။ ၆ ထိုသူသည် ထာဝရဘုရားကို ရှာသောအမျိုး၊ မျက်နှာတော်ကို ရှာသော ယာကုပ်အမျိုး ဖြစ်သတည်း။
တံခါတို့ကြွလိုက်ကြ ထာ၀ရဘုရား ဝင်တော်မူမည်
၇ အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့၊ ကိုယ်ကို ကြွလိုက်ကြ။ ဘုန်းကြီးသော ရှင်ဘုရင် ဝင်တော်မူမည်။ ၈ ဘုန်းကြီးသော ရှင်ဘုရင်ကား အဘယ်သူနည်း။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရား၊ စစ်တိုက်ခြင်းငှါ တန်ခိုးကြီးတော်မူသော ထာဝရဘုရားပေတည်း။ ၉ အချင်းတံခါးတို့၊ တံခါးမုတ်ကို ကြွလိုက်ကြ။ အချင်းထာဝရတံခါးတို့ ကိုယ်ကို ကြွလိုက်ကြ။ ဘုန်းကြီးသော ရှင်ဘုရင် ဝင်တော်မူသည်။ ၁၀ ဘုန်းကြီးသော ရှင်ဘုရင်ကား အဘယ်သူနည်း။ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား ပေတည်း။ ထိုဘုရားသည် ဘုန်းကြီးသော ရှင်ဘုရင် ဖြစ်တော်မူသတည်း။