ဆာလံကျမ်း
အခန်းကြီး ၁၀၇
ထာ၀ရဘုရား ကောင်းမြတ်၍ ချီးမွမ်းကြ
၁ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍၊ ကရုဏာတော် အစဉ်အမြဲ တည်သောကြောင့်၊ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြလော့။ ၂ ရန်သူ၏လက်မှ ထာဝရဘုရား နှုတ်၍ အရှေ့အနောက် တောင်မြောက် အရပ်ရပ်ထဲက စုသိမ်းသောသူ တည်းဟူသော ၃ ရွေးတော်မူသော သူတို့သည် ဝန်ခံကြစေ။ ၄ သူတို့သည် တောတွင် လူဆိတ်ညံရာအရပ်၌ လည်၍၊ နေစရာမြို့သို့ ရောက်သော လမ်းကို မတွေ့ကြ။ ၅ ဆာငတ်မွတ်သိပ်၍ စိတ်ပျက်ကြ၏။ ၆ ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ကယ်နှုတ်တော်မူ၏။ ၇ သူတို့နေစရာမြို့သို့ ရောက်စေခြင်းငှါ၊ ဖြောင့်သော လမ်းဖြင့်ပို့ ဆောင်တော်မူ၏။ ၈ လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍၊ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။ ၉ အကြောင်းမူကား၊ တောင့်တသော ဝိညာဉ်ကို ရောင့်ရဲစေ၍၊ မွတ်သိပ်သော ဝိညာဉ်ကိုလည်း၊ ကောင်းသော အရာနှင့် ဝစေတော်မူ၏။
မှောင်မိုက် သေမင်းအရိပ်မှ ကယ်တင်
၁၀ ထိုသူတို့သည် ဘုရားသခင်၏ အမိန့်တော်ကို ငြင်းဆန်၍၊ ၁၁ အမြင့်ဆုံးသော ဘုရား၏ အကြံတော်ကို မထီမဲ့မြင် ပြုသောကြောင့်၊ မှောင်မိုက် သေမင်းအရိပ်၌ ထိုင်လျက် ဒုက္ခနှင့်၎င်း၊ သံကြိုးနှင့်၎င်း၊ ချည်နှောင်လျက် နေကြရ၏။ ၁၂ ဘုရားသခင်သည် အမှုရောက်စေ၍၊ သူတို့စိတ်ကို နှိမ့်ချတော်မူ၏။ သူတို့သည်လဲ၍ ထောက်မသောသူ မရှိဘဲ ၁၃ ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။ ၁၄ မှောင်မိုက်နှင့် သေမင်းအရိပ်ထဲက ထုတ်ဆောင်၍ သူတို့ချည်နှောင်ခြင်းကို ဖြေတော်မူ၏။ ၁၅ လူသားတို့၌ ပြုမူသော ကရုဏာတော်နှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။ ၁၆ အကြောင်းမူကား၊ ကြေးဝါတံခါးတို့ကို ချိုး၍ သံကန့်လန့်တို့ကို အပိုင်းပိုင်း ဖြတ်တော်မူ၏။
သေခြင်းတံခါးနီးမှ ကယ်နှုတ်
၁၇ မိုက်သော သဘောရှိသော သူတို့သည် လမ်းလွဲ၍၊ ဒုစရိုက်ကို ပြုသောကြောင့် ဆင်းရဲခြင်းနှင့် တွေ့ကြုံရကြ၏။
၁၈ စားစရာအားလုံးကိုရွံ၍၊
(a) သေခြင်း တံခါးအနီးသို့ ရောက်ကြ၏။
(b) ၁၉ ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော်ဟစ်၍၊ ဆင်းရဲဒုက္ခထဲက ကယ်တင်တော်မူ၏။
၂၀ နှုတ်ကပတ်တော်ကို လွှတ်သဖြင့် သူတို့အနာကို ငြိမ်းစေ၍၊ ဖျက်ဆီးခြင်း အရာများထဲက နှုတ်ယူတော်မူ၏။
၂၁ လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍ ထာဝရဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။
၂၂ ကျေးဇူးတော် ဝန်ခံရာ ယဇ်ကိုပူဇော်၍ ရွှင်လန်းသော အသံနှင့်တကွ အမှုတော်တို့ကို ကြားပြောကြစေ။
လေပြင်းမုန်တိုင်းထဲမှလည်း ကယ်နှုတ်
၂၃ သင်္ဘောစီးလျက်၊ ပင်လယ်ကိုကူး၍ ရေများပေါ်မှာ လုပ်ဆောင်သောသူတို့သည် ၂၄ နက်နဲရာအရပ်၌ ထာဝရဘုရား၏ အမှုတော်တို့နှင့် အံ့ဘွယ်သော အမှုတော်တို့ကို မြင်ရကြ၏။ ၂၅ အမိန့်တော်ရှိ၍ လေပြင်းမုန်တိုင်း တိုက်သဖြင့် လှိုင်းတံပိုးတို့ကို ထစေ၏။ ၂၆ မိုးကောင်းကင် တိုင်အောင်တက်လျက်၊ နက်နဲရာထဲသို့ ဆင်းလျက် တွေ့သော ဘေးကြောင့် သူတို့သည် စိတ်ပျက်ကြ၏။ ၂၇ တလည်လည်သွားလျက် ယစ်မူးသောသူကဲ့သို့ တိမ်းယိမ်းလျက်နေ၍ ဥာဏ်တိမ်မြုပ်ခြင်း ရှိကြ၏၊ ၂၈ ဆင်းရဲခံရသောအခါ ထာဝရဘုရားကို အော်ဟစ်၍ ဆင်းရဲဒုက္ခထဲက ထုတ်ဆောင်တော်မူ၏။ ၂၉ လေပြင်းကို ပျောက်စေတော်မူ၍ လှိုင်းတံပိုးများလည်း ငြိမ်ဝပ်ကြ၏။ ၃၀ ထိုသို့ ငြိမ်ဝပ်သောကြောင့် သူတို့သည် ဝမ်းမြောက်ကြ၏။ အလိုရှိရာ သင်္ဘော ဆိပ်သို့ ပို့ဆောင်တော်မူ၏။ ၃၁ လူသားတို့၌ ပြုတော်မူသော ကရုဏာနှင့် အံ့ဘွယ်သော အမှုတော်တို့ကို ထောက်၍ ထာဝရ ဘုရား၏ ဂုဏ်ကျေးဇူးတော်ကို ချီးမွမ်းကြစေ။ ၃၂ လူပရိသတ်၏ အလယ်မှာ ထာဝရဘုရားကို ချီးမြှောက်၍ အသက်ကြီးသူတို့၏ အစည်းအဝေး၌ ချီးမွမ်းကြစေ။
မြစ်ကိုလွင်ပြင်စမ်းရေထွက်ရာကို သွေ့ခြောက်စေ
၃၃ မြစ်တို့ကို လွင်ပြင်ဖြစ်စေခြင်းငှါ၎င်း၊ စမ်းရေထွက်ရာ အရပ်ကိုလည်း သွေ့ခြောက်စေခြင်းငှါ၎င်း ပြုတော်မူ၏၊ ၃၄ မြေကောင်းသော ပြည်ကို ပြည်သူ ပြည်သားတို့၏ အပြစ်ကြောင့် ဆားမြေ ဖြစ်စေတော်မူ၏ ၊ [A]၊ ၃၅ တဖန်လွင်ပြင်ကို ရေနှင့် ပြည့်စေခြင်းငှါ၎င်း၊ သွေ့ခြောက်သော အရပ်ကို စမ်းရေ ထွက်စေခြင်းငှါ၎င်း၊ ပြုတော်မူ၏။ ၃၆ ထိုအရပ်၌လည်း ငတ်မွတ်သော သူတို့ကို နေရာချတော်မူ၍၊ သူတို့သည် မိမိနေစရာဖို့ မြို့ကိုတည်ကြ၏။ ၃၇ လယ်လုပ်လျက် စပျစ်ဥယျာဉ်ကိုလည်း စိုက်ပျိုး လျက် မြေအသီးအနှံတို့ကို ပြုစုကြ၏။ ၃၈ ကောင်းကြီး ပေးတော်မူ၍ သူတို့သည် အလွန်ပွားများကြ၏။ သူတို့ သိုးနွားများကိုလည်း လျော့စေတော်မမူ။ ၃၉ တဖန်သူတို့သည် လျော့၍ ညှဉ်းဆဲခြင်း၊ ငြိုငြင်ခြင်း၊ စိတ်ပူပန်ခြင်းအားဖြင့် နှိမ့်ချလျက် နေရကြ၏။ ၄၀ မင်းသားတို့ကို အရှက်ခွဲ၍ လမ်းမရှိသော တောအရပ်၌ လည်စေတော်မူ၏။ ၄၁ ဆင်းရဲသောသူကိုလည်း ဒုက္ခမှ ထမြောက်စေ၍၊ သိုးစုကဲ့သို့ အိမ်ထောင် ပွားများစေတော်မူ၏။ ၄၂ ဖြောင့်မတ်သောသူတို့သည် မြင်၍ ဝမ်းမြောက်ကြ၏။ ခပ်သိမ်းသော ဒုစရိုက်သည်လည်း မိမိနှုတ်ကိုပိတ်ရ၏။ ၄၃ အကြင်သူသည် ပညာရှိ၏။ ထိုသူသည် ဤအမှုအရာတို့ကို ဆင်ခြင်၍ ထာဝရဘုရား၏ ကရုဏာ ကျေးဇူးတော်ကို နားလည်လိမ့်မည်။
_________________________
Footnotes
(a) မြန်မာကျမ်းစာအုပ်၌ "စားစရာမျိုး"၊ ဟုရေးထားသည်။
_________________________
Footnotes
(b) မြန်မာကျမ်းစာအုပ်၌ သေခြင်းတံခါး"ငါ့"အနားဟုရေးထားသည်။