ယောဘ၀တ္ထု
အခန်းကြီး ၁၃
ယောဘက သူ့သူငယ်ချင်းများကို မုသာသုံးသူဟုဆို
၁ ထိုမှုအရာအလုံးစုံတို့ကို ငါ့မျက်စိသည် မြင်ပြီ။ ငါ့နားသည်လည်း ကြား၍ နားလည်ပြီ။ ၂ သင်တို့သိသမျှကို ငါသိ၏။ သင်တို့ထက် ငါယုတ်ညံ့သည် မဟုတ်။ ၃ အနန္တ တန်ခိုးရှင်အား ငါလျှောက်ရသောအခွင့်၊ ဘုရားသခင်နှင့် ငါဆွေးနွေးရသော အခွင့်ရှိပါ စေသော။ ၄ သင်တို့သည် တယောက်မျှ မကြွင်း၊ မုသာကို ပြုပြင်သောသူ၊ အသုံးမရသော ဆေးသမားဖြစ်ကြ၏။ ၅ သင်တို့သည် စကားတခွန်းကိုမျှ မပြောဘဲ တိတ်ဆိတ်စွာ နေကြပါစေ။ ထိုသို့နေလျှင် စင်စစ်ပညာရှိကဲ့သို့ ဖြစ်ကြလိမ့်မည်။
ဘုရားကို မကြောက်ကြသလော
၆ ငါပြောမည် အကျိုးအကြောင်း စကားကို နားထောင်ကြပါလော့။ ငါ့နှုတ်နှင့် ဆွေးနွေးနှီးနှောမည့်စကားကို နှလုံးသွင်း ကြပါလော့။ ၇ သင်တို့သည် လျစ်လျူသော စိတ်မရှိဘဲ ဘုရားသခင့်ဘက်၌ ပြောချင်သလော။ ဘုရားသခင့်ဘက်၌ နေ၍ မုသာကို သုံးချင်သလော။ ၈ မျက်နှာတော်ကို ထောက်လျက်သာ၊ ဘုရားသခင့်ဘက်၌ နေ၍ ငြင်းခုံ စစ်တိုက်ချင်သလော။ ၉ သင်တို့ကို ကျပ်တည်းစွာ စစ်တော်မူလျှင်၊ သင်တို့၌ ကျေးဇူး ရှိလိမ့်မည်လော။ လူကိုလှည့်စားသကဲ့သို့ ဘုရားသခင်ကို လှည့်စားနိုင်သလော။ ၁၀ သင်တို့သည် လျှို့ဝှက်၍ သူ့မျက်နှာကို ထောက်လျှင်၊ စင်စစ်သင်တို့ကို ဆုံးမတော်မူမည်။ ၁၁ သင်တို့သည် တန်ခိုး အာနုဘော်တော်ကြောင့် မကြောက်ကြသလော။ ကြောက်မက်ဘွယ်သော ဂုဏ်တော်ကြောင့် မထိတ်လန့်ကြသလော။ ၁၂ သင်တို့၏ နည်းဥပဒေစကားသည် မြေမှုန့်ထက်သာ၍ ပေါ့၏။ သင်တို့ခိုလှုံသော မြို့ရိုးသည်လည်း သရွတ် မြို့ရိုးကဲ့သို့ဖြစ်၏။ ၁၃ တိတ်ဆိတ်စွာနေ၍ ငါပြောပါရစေ။ သို့ပြီးမှ အမှုရောက်ချင်တိုင်း ရောက်ပါလေစေ။
ငါအပြစ်ဖြေစရာလျှောက်မည် နားထောင်ကြ
၁၄ သို့သော်လည်း ငါသည် ကိုယ်အသားကို ပါးစပ်နှင့် ကိုက်ချီလျက်၊ ကိုယ်အသက်ကိုလည်း လက်နှင့် ကိုင်လျက် ဆောင်သွားမည်။ ၁၅ ငါ့ကိုသတ်တော်မူ၍ ငါမြော်လင့်စရာ မရှိသော်လည်း၊ ရှေ့တော်၌ ကိုယ်အပြစ် ဖြေရာစကားကို ငါလျှောက်ထားမည်။ ၁၆ ထိုသို့ပြုလျှင် ငါ၏ ကယ်တင်ရာ အကြောင်းဖြစ်လိမ့်မည်။ အဓမ္မလူသည် အထံတော်သို့ မဝင်ရ။ ၁၇ ငါ့စကားကို စေ့စေ့မှတ်ကြလော့။ ငါလျှောက်ထားချက်ကို နားထောင်ကြလော့။ ၁၈ ယခုငါ့အမှုကို ငါပြင်ဆင်ပြီ။ ငါ၌ အပြစ်လွတ်ခြင်း ထင်ရှားမည်ဟု ငါသိ၏။ ၁၉ ငါ့အပြစ်ကို ဖေါ်ပြမည့်သူကား အဘယ်သူနည်း။ ထိုသို့ဖေါ်ပြလျှင် ငါသည် တိတ်ဆိတ်စွာ နေ၍ အသေခံပါမည်။
၂၀ ဒဏ်ခတ်ခြင်းနှစ်ပါးကိုသာ လျှော့တော်မူပါ။ ထိုသို့လျှော့လျှင် ကိုယ်တော်ကို မရှောင်ပါ။ ၂၁ လက်တော်ကို သိမ်းတော်မူပါ။ ကြောက်မက်ဘွယ်သော အခြင်းအရာတော်အားဖြင့် အကျွန်ုပ်ကို ချောက်တော်မမူပါနှင့်။ ၂၂ ထိုအခါ ခေါ်တော်မူပါ။ အကျွန်ုပ် ပြန်လျှောက်ပါမည်။ သို့မဟုတ် အကျွန်ုပ်သည် အရင်လျှောက်ပါမည်။ ကိုယ်တော် အမိန့်ရှိတော်မူပါ။
အကျွန်ပ်ပြုမိသော ဒုစရိုက်အပြစ်တို့ကို ပြတော်မူပါ
၂၃ အကျွန်ုပ် ပြုမိသော ဒုစရိုက်အပြစ်တို့သည် အဘယ်မျှ လောက်များပါသနည်း။ အကျွန်ုပ် ပြစ်မှား လွန်ကျူးခြင်းအပြစ်တို့ကို အကျွန်ုပ်အားပြတော်မူပါ။ ၂၄ ကိုယ်တော်သည် မျက်နှာတော်ကိုလွှဲ၍ အဘယ်ကြောင့် အကျွန်ုပ်ကို ရန်သူကဲ့သို့ မှတ်တော်မူသနည်း။ ၂၅ လေတိုက်သော သစ်ရွက်ကို ချောက်လှန့် တော်မူမည်လော။ မြက်ခြောက်ကို မှီအောင် လိုက်တော်မူမည်လော။ ၂၆ အကျွန်ုပ်၌ ပြင်းစွာ အပြစ်တင်သော စကားကို မှတ်ထားတော်မူ၏။ အကျွန်ုပ် အသက်ငယ်စဉ်တွင် ပြုမိသော အပြစ်ကြောင့် ယခုခံစေတော်မူ၏။ ၂၇ အကျွန်ုပ်ကို ထိတ်ခတ်လျက်အကျွန်ုပ် ထွက်ရာလမ်း ရှိသမျှကို စောင့်လျက်နေ၍၊ အကျွန်ုပ် ပတ်လည်၌ စည်းလုပ်တော်မူ၏။ ၂၈ ထိုသို့ခံရသောသူသည် ဆွေးမြေ့သော အရာကဲ့သို့၎င်း၊ ပိုးရွ ကိုက်စားသော အဝတ်ကဲ့သို့၎င်း၊ အားလျော့ပျက်ရပါ၏။