၂ ရာဇဝင်ချုပ်
အခန်းကြီး ၂၂
ယဟောရံနှင့် အာသလိသား အာခဇိနန်းထိုင်
၁ အာရပ်လူတို့နှင့် လိုက်လာသော၊ တပ်သားတို့သည် တပ်ထဲသို့ဝင်၍၊ ယုဒ ရှင်ဘုရင် ယဟောရံ၏ သားတော် အကြီးရှိသမျှတို့ကို သတ်သောကြောင့်၊ ယေရုရှလင် မြို့သားတို့သည် သားထွေး အာခဇိကို ခမည်းတော်အရာ၌ ချီးမြှောက်၍၊ ၂ အာခဇိသည် အသက် နှစ်ဆယ်နှစ်ရှိသော် နန်းထိုင်၍၊ ယေရုရှလင်မြို့၌ တနှစ်စိုးစံ၏။ မယ်တော်က၊ ဩမရိမြေး အာသလိ အမည်ရှိ၏။ ၃ မယ်တော်သည် မကောင်းသော အကြံကို ပေးသောကြောင့်၊ ထိုမင်းသည် အာဟပ် အမျိုးလိုက်ရာ လမ်းသို့လိုက်၍၊ ၄ အာဟပ်အမျိုးကဲ့သို့ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြု၏။ ခမည်းတော် သေသောနောက်၊ အာဟပ် အမျိုးသားတို့သည် အာခဇိကို အကျိုးနည်းစေခြင်းငှါ၊ မကောင်းသော အကြံကို ပေးကြ၏။
အာခဇိသည် ယောရံနှင့် ရှုရိလူတို့ကိုတိုက်
၅ အာခဇိသည် သူတို့စကားကို နားထောင်သဖြင့်၊ ဣသရေလ ရှင်ဘုရင် အာဟပ်သား ယောရံနှင့်ဝိုင်းလျက်၊ ဂိလဒ်ပြည် ရာမုတ်မြို့သို့ စစ်ချီ၍၊ ရှုရိရှင်ဘုရင် ဟာဇေလကို တိုက်ရာတွင်၊ ရှုရိလူတို့သည် ယောရံကို ထိခိုက်ကြ၏။ ၆ ထိုသို့ ရာမုတ်မြို့၌ ရှုရိရှင်ဘုရင် ဟာဇေလကို တိုက်၍၊ ရှုရိလူ ထိခိုက်သော အနာပျောက်စေခြင်းငှါ၊ ယောရံသည် ယေဇရေလမြို့သို့ ပြန်သွား၍၊ နာလျက် နေစဉ်တွင်၊ ယုဒရှင်ဘုရင် ယဟောရံသား အာခဇိသည်လည်း၊ အာဟပ်သား ယောရံကို ကြည့်ရှုခြင်းငှါ၊ ထိုမြို့သို့ ဆင်းသွားလေ၏။
ယုဒမင်းအာခဇိကို ယေဟုကသတ်
၇ ဘုရားသခင် စီရင်တော်မူသည်အတိုင်း၊ အာခဇိသည် ယောရံထံသို့ ရောက်သောအားဖြင့်၊ ဆုံးရှုံးလေသည် အကြောင်းအရာ ဟူမူကား၊ အာဟပ်အမျိုးကို သုတ်သင် ပယ်ရှင်းစေခြင်းငှါ၊ ထာဝရဘုရား ဘိသိက်ပေးတော်မူသော နိမ်ရှိသား ယေဟုကို ဆီးကြိုခြင်းငှါ၊ ယောရံနှင့် အာခဇိတို့သည် ထွက်သွားကြ၏။ ၈ ယေဟုသည် အာဟပ်အမျိုးကို တရားစီရင်သောအခါ၊ ယုဒမှူးမတ်တို့ကို၎င်း၊ အာခဇိမင်း၌ ခစားသော နောင်တော်၏ သားတို့ကို၎င်း၊ တွေ့၍ သတ်လေ၏။ ၉ ရှမာရိပြည်၌ ပုန်းလျက်နေသော အာခဇိကိုရှာ၍ ဖမ်းမိသောအခါ၊ ယေဟုထံသို့ ဆောင်ခဲ့ပြီးမှ သတ်၍ သင်္ဂြိုလ်ကြ၏။ အကြောင်းမူကား၊ သူသည် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ ရှာသော ယောရှဖတ်၏ အမျိုးဖြစ်သည်ဟု ဆိုကြ၏။ ထိုသို့ အာခဇိအမျိုးသည် နိုင်ငံကို အုပ်စိုးခြင်းငှါ မတတ်နိုင်။
ယုဒပြည်ကို အာသလိစိုးစံ
၁၀ အာခဇိ၏ မယ်တော် အာသလိသည် မိမိသား သေကြောင်းကို သိမြင်သော်၊ ထ၍ ယုဒပြည်၏ ဆွေတော် မျိုးတော် အပေါင်းတို့ကို သုတ်သင် ပယ်ရှင်းလေ၏။ ၁၁ သို့ရာတွင် ရှင်ဘုရင်သမီး ယောရှေဘသည် အာခဇိ၏သား ယောရှကို အသေခံရသော ဆွေတော် မျိုးတော်ထဲက ခိုးယူ၍၊ သူနှင့်သူ၏ နိုးထိန်းကို အိပ်ခန်းထဲ၌ ဝှက်ထား၏။ ထိုသို့ ယဟောရံ မင်းကြီးသမီး၊ ယဇ်ပရာဟိတ် ယောယဒ၏ မယားဖြစ်သော အာခဇိ၏နှမ ယောရှေဘသည်၊ အာသလိလက်မှ ယောရှ အသက်လွတ်စေခြင်းငှါ ဝှက်ထားသဖြင့်၊ ၁၂ ခြောက်နှစ်ပတ်လုံး ယောရှသည် သူတို့နှင့်အတူ၊ ဗိမာန်တော်၌ ပုန်းရှောင်လျက် နေ၍၊ အာသလိသည် စိုးစံလေ၏။