၁ ရာဇဝင်ချုပ်
အခန်းကြီး ၅
သားဦးအရာ ယောသပ်ရ
၁ ရုဗင်သည် ဣသရေလ၏ သားဦးဖြစ်သော်လည်း၊ အဘအိပ်ယာကို ညစ်ညူးစေသောကြောင့်၊ သားဦးအရာကို နှုတ်ပြီးလျှင်၊ ဣသရေလ၏ သားဖြစ်သော ယောသပ်၏ သားတို့အား ပေးသည်ဖြစ်၍၊ သားစဉ်မြေးဆက်တို့ကို မှတ်သောအခါ၊ သားဦးအရာကို လိုက်၍ မမှတ်ရ။ ၂ ယုဒသည်လည်း ညီအစ်ကိုတို့တွင် လွန်ကဲ၍ သူ၏အမျိုးထဲက မင်းဖြစ်တတ်သော်လည်း၊ သားဦးအရာကို မရ၊ ယောသပ်ရ၏။
ရုဗင်အမျိုး
၃ ဣသရေလ၏သားဦး ရုဗင်သားကား ဟာနုတ်၊ ဖာလု၊ ဟေဇရုံ၊ ကာမိတည်း။ ၄ ယောလသားကား ရှေမာယ၊ ရှေမာယသား ဂေါဂ၊ ဂေါဂသားရှေမိ၊ ၅ ရှေမိသားမိက္ခ၊ မိက္ခသားရာယ၊ ရာယသားဗာလတည်း။ ၆ ဗာလသားကား၊ အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာ သိမ်းသွားသော ရုဗင်အမျိုးမင်း ဗေရာတည်း။ ၇ သူ၏ညီ ယေယေလနှင့် ဇာခရိတို့သည်လည်း၊ သားစဉ်မြေးဆက် စာရင်းယူသောအခါ အဆွေအမျိုးသူကြီး ဖြစ်သတည်း။ ၈ ထို့အတူ ယောလ၊ ရှေမ၊ အာဇတ်တို့မှ ဆင်းသက်သော ဗေလသည်လည်း မင်းဖြစ်လျက်၊ အာရော်မြို့မှစ၍ နေဗောမြို့၊ ဗာလမောင်မြို့တိုင်အောင် နေရာကျယ်၏။ ၉ ဂိလဒ်ပြည်၌ သိုးနွား များပြားသောကြောင့်၊ အရှေ့မျက်နှာ၌ ဥဖရတ်မြစ်နှင့် ဆိုင်သော တောဝင်ဝတိုင်အောင် နေရာကျယ်၏။ ၁၀ ရှောလုမင်းလက်ထက် ဟာဂရအမျိုးသားတို့ကို စစ်တိုက်၍ လုပ်ကြံသဖြင့်၊ ဂိလဒ်ပြည် အရှေ့ပိုင်း တလျှောက်လုံးတွင် ဟာဂရ၏ နေရာကိုယူ၍ နေရာကျကြ၏။
ဂဒ်အမျိုး
၁၁ သူတို့တဖက်တချက်၊ ဗာရှန်ပြည်တွင် သလကာမြို့တိုင်အောင် ဂဒ်အမျိုးသားတို့သည် နေရာကျကြ၏။ ၁၂ ဗာရှန်ပြည်၌ အကြီးအကဲက ယောလ၊ ထိုနောက်ရှာဖံ၊ ယာနဲ၊ ရှာဖတ်တည်း။ ၁၃ သူတို့အဆွေအမျိုးချင်း ပေါက်ဖေါ်တော်သောသူကား မိက္ခေလ၊ [A] မေရှုလံ၊ ရှေဘ၊ ယောရဲ၊ ယာခန်၊ ဇယာ၊ ယေဗာ၊ ပေါင်းခုနစ်ယောက်တည်း။ ၁၄ ထိုသူတို့သည်ဂုနိ၊ အာဗဒျေလ၊ ဗုဇာဟိ၊ ယာဒေါ၊ ယေရှိရှဲ၊ မိက္ခေလ၊ ဂိလဒ်၊ ယာရော်၊ ဟုရိ၊ အဘိဟဲလ အမျိုးအနွယ်ဖြစ်သတည်း။ ၁၅ ဂုနိကား ထိုအဆွေအမျိုး၏ သူကြီးဖြစ်၏။ ၁၆ သူတို့သည် ဂိလဒ်ပြည်၊ ဗာရှန်ပြည်မြို့ရွာ၊ ရှာရုန်မြို့ပတ်လည် ပြည်စွန်းတိုင် အောင်နေရာကျ ကြ၏။ ၁၇ ဤသူအပေါင်းတို့သည် ယုဒရှင်ဘုရင် ယောသံနှင့် ဣသရေလ ရှင်ဘုရင် ယေရောဗောင် လက်ထက် သားစဉ်မြေးဆက် စာရင်းဝင်ကြ၏။
ရုဗင်၊ ဂဒ်နှင့်မနာရှေအမျိုး
၁၈ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုး တဝက်တွင် ဒိုင်းနှင့်ဓါးကိုကိုင်၍ လေးနှင့် ပစ်တတ်သဖြင့်၊ စစ်မှုစစ်ရေးကို လေ့ကျက်၍ စစ်ချီတတ်သော စစ်သူရဲအပေါင်းကား၊ လေးသောင်း လေးထောင်ခုနစ်ရာ ခြောက်ဆယ်တည်း။ ၁၉ ထိုသူတို့သည် ဟာဂရအမျိုးသား တည်းဟူသော ယေတုရ၊ နာဖိရှ၊ နောဒပ် အမျိုးသားတို့နှင့် စစ်တိုက်ကြ၏။ ၂၀ စစ်တိုက်သောအခါ ဘုရားသခင်ကို ကိုးစား၍ ဆုတောင်းသောကြောင့်၊ ဘုရားသခင် မစတော်မူခြင်း ကျေးဇူးအားဖြင့်၊ ဟာဂရလူတို့နှင့် သူတို့ဥစ္စာရှိသမျှကို ရကြ၏။ ၂၁ ကုလားအုပ်ငါးထောင်၊ သိုးနှစ်သိန်းငါးသောင်း၊ မြည်းနှစ်ထောင်၊ လူတစ်သိန်းတို့ကို သိမ်းယူကြ၏။၂၂ ဘုရားသခင့်အခွင့်နှင့် စစ်တိုက်သောကြောင့်၊ ရန်သူများတို့သည် လဲသေကြ၏။ ဣသရေလလူတို့သည် သိမ်းသွားခြင်း အမှုမရောက်မှီတိုင်အောင် ဟာဂရလူတို့ နေရာ၌ နေရာကျကြ၏။
ရုဗင်၊ ဂဒ်နှင့် မနာရှေအမျိုး ဘုရားကိုစွန့်
၂၃ မနာရှေ အမျိုးတဝက်သည်၊ ထိုပြည်တွင်၊ ဗာရှန်မြို့မှစ၍ ဗာလဟေယမုန်မြို့၊ စနိရမြို့၊ ဟေရမုန် တောင်တိုင်အောင် ပွားများလျက်နေ၏။ ၂၄ အဆွေအမျိုး သူကြီးများဟူမူကား၊ ခွန်အားကြီး၍ ကျော်စောသော စစ်သူရဲဧဖာ၊ ဣရှိ၊ ဧလျေလ၊ အာဇရေလ၊ ယေရမိ၊ ဟောဒဝိ၊ ယာဒျေလတည်း။ ၂၅ သို့ရာတွင် ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုးတဝက်သည် ဘိုးဘေးတို့၏ ဘုရားသခင်ကို ပြစ်မှား၍၊ မိမိတို့ရှေ့မှာ ဘုရားသခင် ဖျက်ဆီးတော်မူသော ပြည်သားတို့ ဘုရားများနှင့် မှားယွင်းကြ၏။ ၂၆ သို့ဖြစ်၍ ဣသရေလ အမျိုး၏ ဘုရားသခင်သည်၊ အာရှုရိရှင်ဘုရင် ပုလနှင့် ရှင်ဘုရင် တိဂလတ်ပိလေသာ စိတ်ကို နှိုးဆော်တော်မူသဖြင့်၊ နောက်ရှင်ဘုရင်သည် ထိုဣသရေလ အမျိုးသားတို့ကို ဂေါဇန်မြစ်နား၊ ဟေလမြို့၊ ဟာဗော်မြို့၊ ဟာရမြို့သို့သိမ်း သွား၍ ယနေ့တိုင်အောင် နေရာချထား၏။