၁ ရာဇဝင်ချုပ်
အခန်းကြီး ၂၆
တံခါးစောင့်များ
၁ အသီးအသီး သင်းဖွဲ့သော တံခါးစောင့်များ ဟူမူကား ကောရဟိအမျိုး ဧဗျာသပ်အနွယ်၊ ကောရသား မေရှလေမိ၊ ၂ မေရှလေမိသား ဦးဇာခရိ၊ ဒုတိယသား ယေဒျေလ၊ တတိယသား ဇေဗဒိ၊ စတုတ္ထသား ယာသနေလ၊ ၃ ပဥ္စမသားဧလံ၊ ဆဋ္ဌမသား ယေဟနန်ယောဟနန်၊ သတ္တမသား ကားဧလဲဩနဲတည်း။ ၄ ဩဗဒေဒုံ၏သား ဦးရှေမာယ၊ ဒုတိယသား ယောဇဗပ်၊ တတိယသား ယောအာ၊ စတုတ္ထသား စာကာ၊ ပဥ္စမသား နာသနေလ၊ ၅ ဆဋ္ဌမအမျေလ၊ သတ္တမသား ဣသခါ၊ အဋ္ဌမသား ပုလသဲတည်း။ ဩဗဒေဒုံကို ဘုရားသခင်သည် ကောင်းကြီး ပေးတော်မူ၏။ ၆ သားဦး ရှေမာယ၏သား ဩသနိ၊ ရေဖေလ၊ ဩဗပ်၊ ဧလာဇာဗဒ်နှင့် ခွန်အားကြီးသော ညီဧလိ ၊ ဟု၇ သေမခိတို့သည် ခွန်အားကြီးသောသူ၊ မိမိတို့ အဆွေအမျိုး၌ အစိုးရသောသူ ဖြစ်ကြ၏။ ၈ အမှုတော်ကို ဆောင်ရွက်ခြင်းငှါ တတ်စွမ်းနိုင်အောင် ခွန်အားကြီးသော ဩဗဒေဒုံ အမျိုးသားချင်း ယောက်ျားပေါင်းကား ခြောက်ကျိပ် နှစ်ယောက်တည်း။ ၉ ခွန်အားကြီးသော မေရှလေမိသားညီ ယောက်ျားပေါင်းကား တကျိပ် ရှစ်ယောက်တည်း။ ၁၀ မေရာရိအမျိုး၊ ဟောသ၏သားတို့တွင် ရှိမရိသည်သားဦး မဟုတ်သော်လည်း၊ အဘခန့်ထားသော ကြောင့်သား အကြီး ဖြစ်သတည်း။ ၁၁ ဒုတိယသားကား ဟိလခိ၊ တတိယသား တေဗလိ၊ စတုတ္ထသား ဇာခရိအစရှိသော ဟေဝသသား ညီပေါင်းကား တကျိပ် သုံးယောက်တည်း။ ၁၂ ဤရွေ့ကား ထာဝရဘုရား၏ အိမ်တော်၌ အလှည့်လှည့် စောင့်ခြင်းငှါ သင်းဖွဲ့သော တံခါးစောင့် အကြီးအကဲ ဖြစ်သတည်း။ ၁၃ ထိုသူအကြီးအငယ် တို့သည်၊ မိမိတို့ အဆွေအမျိုးအလိုက် တံခါး အသီးအသီး စောင့်စေခြင်းငှါ စာရေးတံပြု ကြ၍၊ ၁၄ အရှေ့မျက်နှာကို ရှေလမိရ၏။ ရှေလမိသား ပညာရှိ ဇာခရိသည် စာရေးတံအားဖြင့် မြောက်မျက်နှာကိုရ၏။ ၁၅ ဩဗဒေဒုံသည် တောင်မျက်နှာကို၎င်း၊ သူ၏သားတို့သည် အသုပိမ်အိမ်ကို၎င်း ရ၏။ ၁၆ ရှုပိမ်နှင့်ဟောသသည် နောက်မျက်နှာနှင့် ဗိမာန်တော်သို့ တက်ရာလမ်းဝ၌ ရှလ္လေခက်တံခါးကိုရ၍ တဘက်တချက်၌ စောင့်ရ၏။ ၁၇ နေ့ရက်အစဉ်အတိုင်း အရှေ့မျက်နှာ၌ လေဝိသား ခြောက်ယောက်၊ မြောက်မျက်နှာ၌ လေးယောက်၊ တောင်မျက်နှာ၌ လေးယောက်၊ အသုပိမ်ဘက်မှာ နှစ်ယောက်၊ တန်းတိုင်တော်ပျဉ်မှာ နှစ်ယောက်၊ ၁၈ အနောက်မျက်နှာ လမ်းဝမှာ လေးယောက်၊ တန်တိုင်းပြင်မှာ နှစ်ယောက် စောင့်ရကြ၏။ ၁၉ ဤရွေ့ကား တံခါးစောင့်အရာရှိသော ကောရအမျိုးသားနှင့် မေရာရိအမျိုးသား ဖွဲ့သော အသင်းအသီးအသီး ပေတည်း။
ဘဏ္ဍာနှင့် ပူဇော်သော ဘဏ္ဍာများအုပ်သောသူ
၂၀ လေဝိသားတို့တွင်၊ အဟိရသည် ဘုရားသခင်၏ အိမ်တော်ဘဏ္ဍာနှင့် ပူဇော်သော ဘဏ္ဍာများကို အုပ်ရ၏။ ၂၁ အဆွေအမျိုး သူကြီးဖြစ်သော ဂေရရှုံအမျိုး လာဒန်သားတို့တွင် ယေဟေလိနှင့်၊ ၂၂ သူ၏သား ဇေသံယောလ တို့သည်လည်း ဘုရားသခင်၏ အိမ်တော်ဘဏ္ဍာကို အုပ်ရ၏။ ၂၃ အာမရံအမျိုး၊ ဣဇဟာအမျိုး၊ ဟေဗြုန်အမျိုး၊ ဩဇေလအမျိုးသား အချို့ပါကြ၏။ ၂၄ မောရှေသား ဂေရရှုံ၏သား ရှေဗွေလသည်လည်း ဘဏ္ဍာတော်ကို အုပ်ရ၏။ ၂၅ ဂေရရှုံညီ ဧလျေဇာ၊ ဧလျေဇာသား ရေဟဗိ၊ သူ၏သား ယေရှာယ၊ သူ၏သား ယောရံ၊ သူ၏သား ဇိခရိ၊ သူ၏သား ရှောလောမိတ်တည်း။ ၂၆ ထိုရှောလောမိတ်နှင့် သူ၏ညီတို့သည် ဒါဝိဒ်မင်းကြီး၊ အဆွေအမျိုးသူကြီး၊ လူတထောင်အုပ်၊ တရာအုပ်၊ ဗိုလ်မင်းပူဇော်သော ဘဏ္ဍာရှိသမျှကို အုပ်ရ၏။ ၂၇ ထိုမင်းတို့သည် စစ်တိုက်၍ ရသော ဥစ္စာတို့ကို မသိမ်းရ၊ ထာဝရဘုရား၏ အိမ်တော်ကို ပြုစုခြင်းငှါ ပူဇော်တတ်ကြ၏။ ၂၈ ပရောဖက် ရှမွေလ၊ ကိရှသာရှောလု၊ နေရသား အာဗနာ၊ ဇေရုယာသား ယွာဘမှစ၍ အခြားသောသူ ပူဇော်သမျှတို့ကို၊ ရှေလောမိတ်နှင့် သူ၏ညီတို့သည် ကြည့်ရှု အုပ်စိုးရကြ၏။
တရားသူကြီးများ
၂၉ ဣဇဟာအမျိုး ခေနနိ၊ သူ၏သားတို့သည် မင်းအရာရှိ၊ တရားသူကြီးဖြစ်၍၊ ဣသရေလ နိုင်ငံတွင် ပြင်အမှုကို စောင့်ရကြ၏။ ၃၀ ဟေဗြုန်အမျိုးဖြစ်သော သူရဲကြီး ဟာရှဘိနှင့် သူ၏ညီ တထောင်ခုနစ်ရာတို့သည်၊ ယော်ဒန်မြစ် အနောက်ဘက်မှာ နေသော ဣသရေလ လူတို့တွင် မင်းအရာရှိဖြစ်၍၊ ထာဝရဘုရား၏ အမှုတော်နှင့် ရှင်ဘုရင် အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။ ၃၁ ဟေဗြုန် အမျိုးသားတို့တွင်၊ အဆွေအမျိုးအလိုက် ယေရိယသည် အကြီးအကဲဖြစ်၏။ ဒါဝိဒ် မင်းနန်းစံ လေးဆယ်တွင်၊ ထိုအမျိုးသားတို့ကို စာရင်းယူ၍ ဂိလဒ်ပြည် ယာဇာမြို့၌ ခွန်အားကြီးသော သူရဲတို့ကို တွေ့၏။ ၃၂ ယေရိယ၏ ပေါက်ဖေါ် တည်းဟူသော သူရဲကြီး၊ အဆွေအမျိုး သူကြီး နှစ်ထောင်ခုနစ်ရာတို့သည် ဒါဝိဒ် မင်းကြီး ခန့်ထားသည်အတိုင်း၊ ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေ အမျိုးတဝက်ကို အုပ်စိုးရ၍ ဘုရားသခင်၏ အမှုတော်နှင့် ရှင်ဘုရင် အမှုအမျိုးမျိုးတို့ကို စောင့်ရကြ၏။