၁ ရာဇဝင်ချုပ်
အခန်းကြီး ၂၀
ဒါဝိဒ် အမ္မုန်မြို့ရွာများကိုတိုက်
၁ အခါလည်၍၊ ရှင်ဘုရင်တို့သည် စစ်တိုက်ချိန် ရောက်သောအခါ၊ ယွာဘသည် ဗိုလ်ခြေ အလုံးအရင်းနှင့် ချီသွားသဖြင့် အမ္မုန်ပြည်ကို တိုက်ဖျက်၍ ရဗ္ဗာမြို့ကို ဝိုင်းထား၏။ ဒါဝိဒ်သည် ကိုယ်တိုင် ယေရုရှလင်မြို့၌ နေလေ၏။ ၂ ယွာဘသည် ရဗ္ဗာမြို့ကို တိုက်ဖျက်ပြီးမှ ဒါဝိဒ်သည် မင်းကြီး၏ သရဖူကိုချွတ်ယူ၍ ခေါင်းတော်ပေါ်မှာ တင်ကြ၏။ သရဖူအချိန်ကား၊ ကျောက်မြတ်ကိုမဆိုဘဲ ရွှေအခွက် တဆယ်ရှိသတည်း။ မြို့၌ လုယူသော ဥစ္စာအများကိုလည်း ထုတ်လေ၏။ ၃ မြို့သားတို့ကိုလည်း ထုတ်၍ လွှတိုက်မှု၊ သံထွန်၊ သံပုဆိန်နှင့် လုပ်မှုကို လုပ်စေ၏။ ထိုသို့ ဒါဝိဒ်သည် အမ္မုန်မြို့သူ ရွာသားအပေါင်းတို့၌လည်း ပြုပြီးမှ၊ လူအပေါင်းတို့နှင့်အတူ ယေရုရှလင်မြို့သို့ ပြန်လေ၏။
နောက်ထပ်အောင်မြင်မှုများ
၄ နောက်တဖန် ဂဇောမြို့မှ ဖိလိတ္တိလူတို့နှင့် စစ်တိုက်ကြစဉ်၊ ဟုရှသိလူ၊ သိဗေခဲသည် ရေဖိမ်အမျိုး သာဖကိုသတ်၍ ဖိလိတ္တိလူတို့ကို အောင်မြင်လေ၏။ ၅ နောက်တဖန် ဖိလိတ္တိလူတို့ကို စစ်တိုက်ကြစဉ်၊ ယာဣယသား ဧလဟာနန်သည် ရက်ကန်းလက်လိပ်နှင့်အမျှ ကြီးသောလှံရိုးကို သုံးစွဲသော ဂိတ္တိအမျိုး ဂေါလျတ်၏ညီ လာခမိကို သတ်လေ၏။ ၆ နောက်တဖန် ဂါသမြို့မှာ စစ်တိုက်ကြစဉ်၊ အရပ်မြင့်၍ လက်တဘက်၌ လက်ခြောက်ချောင်းစီ၊ ခြေတဘက်၌ ခြေခြောက် ချောင်းစီပေါင်း နှစ်ဆယ်လေးချောင်း ရှိသော ရေဖိမ်အမျိုးသား တယောက်သည်၊ ၇ ဣသရေလ အမျိုးကို ကြိမ်းပသောအခါ ဒါဝိဒ် အစ်ကိုရှိမာ၏သား ယောနသန်သည် ထိုသူကို သတ်လေ၏။ ၈ ဤသူတို့သည် ဂါသမြို့၌ နေသော ရေဖိမ်လူကြီးသားဖြစ်၍ ဒါဝိဒ်နှင့် သူ၏ကျွန်တို့လက်ဖြင့် သေကြ၏။