၁ ရာဇဝင်ချုပ်
အခန်းကြီး ၁၉
ဒါဝိဒ်လူတို့ကို အမ္မုန်မင်းရှုတ်ချ
၁ ထိုနောက် အမ္မုန် ရှင်ဘုရင် နာဟတ်သည် သေ၍၊ သားတော် ဟာနုန်သည် ခမည်းတော်အရာ၌ နန်းထိုင်၏။ ၂ ဒါဝိဒ်ကလည်း၊ ဟာနုန်အဘ နာဟတ်သည် ငါ့အား ကျေးဇူးပြုသောကြောင့်၊ သူ၏သား၌ ကျေးဇူးပြုမည်၊ ဟုဆိုလျက်၊ သူ၏အဘ သေရာတွင် နှစ်သိမ့်စေခြင်းငှါ သံတမန်ကို စေလွှတ်၍၊ ဒါဝိဒ်၏ကျွန်သည် ဟာနုန်မင်းကို နှစ်သိမ့်စေခြင်းငှါ သူရှိရာ အမ္မုန်ပြည်သို့ ရောက်ကြ၏။ ၃ အမ္မုန်အမျိုး မှူးမတ်တို့သည် ဟာနုန်မင်းထံသို့ဝင်၍၊ ဒါဝိဒ်သည် စိတ်တော်ကို နှစ်သိမ့်စေသောသူတို့ကို စေလွှတ်ရာတွင် ခမည်းတော်ကို ရိုသေစွာပြုသည်၊ ဟုထင်မှတ်တော်မူသလော။ ပြည်တော်ကို စစ်ဆေးစူးစမ်း၍ ဖျက်ဆီးခြင်းငှါသာ၊ သူ၏ကျွန်တို့သည် အထံတော်သို့ ရောက်သည်မဟုတ်လော၊ ဟုလျှောက်ကြလျှင်၊ ၄ ဟာနုန်သည် ဒါဝိဒ်၏ကျွန်တို့ကို ယူပြီးလျှင် မုဆိတ်ကိုရိတ်၍ အဝတ်ကို တင်ပါးတိုင်အောင် ဖြတ်ပြီးမှ လွှတ်လိုက်၏။ ၅ ထိုသူတို့၌ အဘယ်သို့ပြုသည်ကို ဒါဝိဒ်သည် သိတင်းကြားသောအခါ၊ သူတို့သည် အလွန်ရှက်သောကြောင့် ဆီးကြိုစေခြင်းငှါ စေလွှတ်၍၊ သင်တို့သည် မုဆိတ် မရှည်မှီတိုင်အောင် ယေရိခေါမြို့မှာ နေကြလော့။ ထိုနောက်မှ ပြန်လာကြလော့၊ ဟုမှာထားတော်မူ၏။
အမ္မုန်အမျိုးသားတို့စစ်ရှုံး
၆ ဟာနုန်မင်းနှင့် အမ္မုန်အမျိုးသားတို့က၊ ငါတို့သည် ဒါဝိဒ် ရှေ့မှာ စက်ဆုပ်ရွံရှာဘွယ် ဖြစ်လိမ့်မည်၊ ဟုသိလျှင်၊ မေသောပေါတာမိပြည် ရှုရိမာခါပြည်၊ ဇောဘပြည်တို့၌ မြင်းရထားတို့ကို ငှါးခြင်းငှါ ငွေအခွက်တသောင်းကို ထုတ်၍၊ ၇ မြင်းရထားသူရဲ သုံးသောင်း နှစ်ထောင်ကို၎င်း၊ မာခါမင်းကြီးနှင့် သူ၏လူတို့ကို၎င်း ငှါးသဖြင့်၊ ထိုသူတို့သည် မေဒဘမြို့ရှေ့မှာ တပ်ချကြ၏။ အမ္မုန်အမျိုးသား တို့သည်လည်း စုဝေး၍ အမြို့မြို့တို့မှ စစ်ချီကြ၏။ ၈ ထိုသိတင်းကို ဒါဝိဒ်သည် ကြားလျှင် ယွာဘနှင့် ခွန်အားကြီးသော သူရဲအလုံးအရင်း အပေါင်းကို စေလွှတ်၏။ ၉ အမ္မုန် အမျိုးသားတို့သည် ထွက်၍ မြို့တံခါးဝမှာ စစ်ခင်းကျင်းကြ၏။ စစ်ကူသော မင်းကြီးတို့သည် လွင်ပြင်၌ တခြားစီနေကြ၏။ ၁၀ ယွာဘသည်လည်း ရှေ့ ၌၎င်း၊ နောက်၌၎င်း၊ စစ်မျက်နှာ နှစ်ဘက်ရှိသည်ကို မြင်လျှင်၊ ဣသရေလလူတို့တွင် သန်မြန်သောသူ ရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူတို့တဘက်၌ စစ်ခင်းကြ၏။ ၁၁ ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသား တို့တဘက်၌ စစ်ခင်းကျင်းစေခြင်းငှါ ညီအဘိရှဲ လက်သို့အပ်လျက်၊ ၁၂ ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါ့အား ကူညီရမည်။ အမ္မုန် အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အား ငါကူညီမည်။ ၁၃ ရဲရင့်သောစိတ်ရှိ၍ ငါတို့လူမျိုးနှင့် ငါတို့ ဘုရားသခင့် မြို့ရွာတို့အဘို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော် ရှိသည်အတိုင်း စီရင်တော်မူစေသတည်း၊ ဟုဆိုပြီးမှ၊ ၁၄ သူ၌ ပါသောလူများနှင့်တကွ၊ ရှုရိလူတို့ကို စစ်တိုက်ခြင်းငှါ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။ ၁၅ ရှုရိလူတို့ပြေးသည်ကို အမ္မုန် အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း ညီအဘိရှဲရှေ့မှာ ပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
ရှုရိလူတို့စစ်ရှုံး၍ ဒါဝိဒ်နှင့် မိဿဟာယဖွဲ့၍ ကျွန်ခံ
၁၆ ရှုရိလူတို့သည် ဣသရေလ အမျိုးသားတို့ရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ သံတမန်တို့ကို စေလွှတ်၍ မြစ်တဘက်၌ နေသောရှုရိလူတို့ကို ခေါ်သဖြင့်၊ ဟာဒဒေဇာ ခန့်ထားသော ဗိုလ်ချုပ်မင်း ရှောဗက်သည်လည်း အုပ်ရ၏။ ၁၇ ထိုသိတင်းကိုကြားလျှင် ဒါဝိဒ်သည် ဣသရေလ အမျိုးသာ အပေါင်းတို့ကို စုဝေးစေ၍ ယော်ဒန်မြစ်ကို ကူးသဖြင့်၊ ရန်သူတပ်သို့ရောက်၍ စစ်ခင်းကျင်းလေ၏။ ထိုသို့ ဒါဝိဒ်သည် စစ်ခင်းကျင်း၍ ရှုရိလူတို့သည် တိုက်သောအခါ၊ ၁၈ ဣသရေလ အမျိုးသားရှေ့မှာ ပြေးကြ၏။ ဒါဝိဒ်သည်လည်း ရှုရိမြင်းရထား စီးသူရဲခုနစ်ထောင်၊ ခြေသည် သူရဲ လေးသောင်းတို့ကို သတ်၍၊ ဗိုလ်ချုပ်မင်း ရှောဗက်ကိုလည်း လုပ်ကြံလေ၏။ ၁၉ ဟာဒဒေဇာမင်း၏ ကျွန်တို့သည် ဣသရေလ အမျိုးရှေ့မှာ မိမိတို့ရှုံးသည်ကို သိမြင်လျှင်၊ ဒါဝိဒ်နှင့် မိဿဟာယဖွဲ့၍ ကျွန်ခံကြ၏။ နောက်တဖန် ရှုရိလူတို့သည် အမ္မုန်အမျိုးသားတို့ကို စစ်မကူကြ။