၄ ဓမ္မရာဇဝင်
အခန်းကြီး ၂၀
၁ ထိုကာလအခါ ဟေဇကိမင်းသည် သေနာစွဲသဖြင့်၊ အာမုတ်သား ပရောဖက် ဟေရှာယသည် လာ၍၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ကိုယ်အိမ်အမှုကို စီရင်လော့။ သင်သည် အသက်မရှင် သေရမည်၊ ဟုအမိန့်တော်ကို ပြန်လေ၏။ ၂ ဟေဇကိမင်းသည်လည်း ထရံသို့ မျက်နှာလှည့်၍၊ ၃ အိုထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ သစ္စာစောင့်လျက်၊ စုံလင်သော စိတ်နှလုံးနှင့် ကျင့်၍ နှစ်သက်တော်မူသည်အတိုင်း ပြုကြောင်းကို အောက်မေ့တော်မူပါ။ အကျွန်ုပ် တောင်းပန်ပါ၏၊ ဟုအလွန်ငိုကြွေးလျက် ထာဝရဘုရားကို ဆုတောင်းလေ၏။ ၄ ဟေရှာယသည် နန်းတော် အလယ်တန်းတိုင်သို့ မရောက်မှီ ထာဝရဘုရား၏ နှုတ်ကပတ်တော် ရောက်၍၊ ၅ သင်သည် ငါ့လူတို့၏ ဗိုလ်ချုပ် ဟေဇကိမင်းထံသို့ တဖန်သွားပြီးလျှင်၊ သင့်အဘ ဒါဝိဒ်၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်၏ ပဌနာစကားကို ငါကြားပြီ။ သင်၏ မျက်ရည်ကိုလည်း ငါမြင်ပြီ။ သင်၏ အနာကိုလည်း ငါပျောက်စေသဖြင့်၊ သင်သည် သုံးရက်လွန်လျှင် ဗိမာန်တော်သို့ တက်ရလိမ့်မည်။ ၆ သင့်အသက်၌ တစ်ဆယ့်ငါးနှစ်ကို ငါဆက်၍ ပေးမည်။ သင်နှင့်ဤမြို့ကို အာရှုရိရှင်ဘုရင် လက်မှ ငါကယ်လွှတ်မည်။ ငါ့မျက်နှာကို၎င်း၊ ငါ့ကျွန်ဒါဝိဒ်၏ မျက်နှာကို၎င်း၊ ထောက်၍ ဤမြို့ကို ကွယ်ကာ စောင့်မမည့်အရာကို ပြောလော့၊ ဟုမိန့်တော်မူ၏။ ၇ ဟေရှာယကလည်း၊ သင်္ဘောသဖန်းသီး အလုံးအထွေးကို ယူခဲ့လော့၊ ဟုဆိုသည်အတိုင်း ယူခဲ့၍ အနာကိုအုံပြီးမှ မင်းကြီး သက်သာလေ၏။
၈ ဟေဇကိမင်းကလည်း၊ ထာဝရဘုရားသည် ငါ့အနာကို ပျောက်စေ၍ သုံးရက်လွန်လျှင် ငါသည် ဗိမာန်တော်သို့ တက်လိမ့်မည်၊ ဟုဆိုသော် အဘယ်လက္ခဏာ သက်သေရှိသနည်း၊ ဟုမေးလျှင်၊ ၉ ဟေရှာယက၊ ထာဝရဘုရား အမိန့်တော် ရှိသည်အတိုင်း ပြုတော်မူမည်၊ ဟုထာဝရဘုရားသည် သင့်အား ပေးတော်မူသော လက္ခဏာ သက်သေဟူမူကား၊ အရိပ်သည် ဆယ်ချက်တိုး ရမည်လော။ ဆယ်ချက် ဆုတ်ရမည်လော၊ ဟုမေးသော်၊ ၁၀ ဟေဇကိက၊ အရိပ်သည် ဆယ်ချက်တိုးလွယ်၏။ ထိုသို့အလိုမရှိ။ ဆယ်ချက် ဆုတ်ပါစေ၊ ဟုပြန်ပြော၏။ ၁၁ ပရောဖက် ဟေရှာယသည်လည်း၊ ထာဝရဘုရားအား ဆုတောင်းသောအခါ၊ အာခတ်၏ နေတိုင်း နာရီပေါ်မှာ ဆယ်ချက်ရွေ့ပြီးသော အရိပ်ကို ဆယ်ချက်ပြန် စေတော်မူ၏။
၁၂ ထိုကာလအခါ ဗလဒန်သား ဗာဗုလုန်မင်းကြီး မေရော ဒဗာလဒန်သည်၊ ဟေဇကိမင်းနာ၍ အနာပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက်ဆောင်ပါလျက် တမန်တို့ကို စေလွှတ်လေ၏။ ၁၃ ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍ ရွှေတိုက်မှ စသောရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဘိုးထိုက်သောနံ့သာဆီ၊ လက်နက်တိုက်နှင့် ဘဏ္ဍာတော် အလုံးစုံတို့ကို ပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော် အရပ်ရပ်၌ မပြသောအရာ တစုံတခုမျှမရှိ။
၁၄ ထိုအခါ ပရောဖက် ဟေရှာယသည် ဟေဇကိ မင်းကြီးထံတော်သို့ သွား၍၊ ထိုလူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြပါသနည်း၊ ဟုမေးလျှောက်သော်၊ ဟေဇိမင်းက၊ ဝေးသောအရပ် ဗာဗုလုန်ပြည်မှ ရောက်လာကြသည်၊ ဟုပြန်ပြော၏။ ၁၅ နန်းတော်၌ အဘယ်အရာကို မြင်ကြပြီနည်း၊ ဟုမေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခုမျှ မရှိဟု ပြန်ပြော၏။ ၁၆ ထိုအခါ ဟေရှာယက၊ ကောင်းကင် ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်လော့။ ၁၇ နန်းတော်၌ ရှိသမျှကို၎င်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့နှင့် ဆည်းဖူးသမျှကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသော ကာလသည် ရောက်လိမ့်မည်။ တစုံတခုမျှ မကျန်ကြွင်းရ၊ ဟုထာဝရဘုရား မိန့်တော်မူ၏။ ၁၈ သင်နှင့်နွယ်၍ ရသော သင်၏ သားမြေးတို့ကိုလည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန် ရှင်ဘုရင်၏ နန်းတော်၌ လူတော် လုပ်ရကြလိမ့်မည်၊ ဟုဟေဇကိမင်းအား ပြောဆိုလေ၏။ ၁၉ ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရဘုရား၏ နှုတ်ကပတ်တော် ကောင်းပါ၏ ဟူ၍၎င်း၊ အကယ်၍ ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာစောင့်ခြင်းရှိလျှင် ကောင်းပါသည် မဟုတ်လော ဟူ၍၎င်း၊ ဟေရှာယအား ဆိုလေ၏။
၂၀ ဟေဇကိပြုမူသော အမှုအရာ ကြွင်းလေသမျှတို့နှင့် တန်ခိုးကြီးခြင်း၊ ရေကန်နှင့် ရေပြွန်ကိုလုပ်၍ မြို့ထဲသို့ ရေကိုဆောင်ခြင်း အရာတို့သည် ယုဒရာဇဝင်၌ ရေးထားလျက်ရှိ၏။ ၂၁ ဟေဇကိသည် ဘိုးဘေးတို့နှင့် အိပ်ပျော်၍ သားတော် မနာရှေသည် ခမည်းတော်အရာ၌ နန်းထိုင်၏။