၄ ဓမ္မရာဇဝင်
အခန်းကြီး ၁၉
၁ ထိုစကားကို ဟေဇကိမင်းသည် ကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍ လျှော်တေအဝတ်ကို ခြုံလျက်၊ ဗိမာန်တော်သို့ သွားလေ၏။ ၂ လျှော်တေအဝတ်ကို ဝတ်လျက်ရှိသော နန်းတော်အုပ် ဧလျာကိမ်၊ စာရေးတော်ကြီး ရှေဗန၊ အသက်ကြီးသော ယဇ်ပုရောဟိတ်တို့ကို အာမုတ်သား ပရောဖက် ဟေရှာယထံသို့ စေလွှတ်လေ၏။ ၃ ဟေဇကိမင်းမှာ ထားသော စကားဟူမူကား ယနေ့သည် ဒုက္ခနေ့၊ ဆုံးမသောနေ့၊ ကဲ့ရဲ့ခြင်းကို ခံရသောနေ့ ဖြစ်၏။ သားဖွားချိန်ရောက်၍ သားကို ဖွားနိုင်အောင် ခွန်အားမရှိ။ ၄ အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့စေခြင်းငှါ၊ အာရှုရိရှင်ဘုရင် စေလွှတ်သော မိမိကျွန် ရာဗရှာခစကားကို သင်၏ ဘုရားသခင် ထာဝရဘုရား ကြားတော်မူပါစေသော်။ သင်၏ ဘုရားသခင် ထာဝရဘုရားသည် ကိုယ်တော်တိုင် ကြားသောစကားကို ချေတော်မူပါစေသော်။ သင်သည်လည်း ကျန်ကြွင်းသော လူတို့အဖို့ ဆုတောင်း ပဌနာပြုစေခြင်းငှါ၊ ၅ ဟေဇကိမင်း စေလွှတ်သော ကျွန်တို့သည် ဟေရှာယထံသို့ ရောက်လာကြ၏။
၆ ဟေရှာယကလည်း၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ အာရှုရိရှင်ဘုရင်၏ ကျွန်တို့သည် ငါ့ကိုကဲ့ရဲ့၍ သင်သည် ကြားရသော စကားကြောင့် မကြောက်နှင့်။ ၇ ထိုမင်း၌ အခြားသော စိတ်သဘောကို ငါသွင်းပေးမည်။ သူသည် သတင်းကြား၍ မိမိပြည်သို့ ပြန်သွားလိမ့်မည်။ ထိုပြည်၌ ဓါးဖြင့် ငါဆုံးမစေမည်ဟူသော စကားတော်ကို သင်တို့၏ သခင်အား ပြန်ကြားကြလော့၊ ဟုပြောဆို၏။
၈ ထိုအခါ အာရှုရိရှင် ဘုရင်သည် လာခိရှမြို့မှ ထွက်သွားကြောင်းကို ရာဗရှာခကြားလျှင် ပြန်သွား၍ လိဗနမြို့ကို ရှင်ဘုရင် တိုက်နေသည်ကို တွေ့လေ၏။ ၉ နောက်တဖန် ကုရှမင်းကြီး တိရက္ကသည် စစ်ချီ၍လာပြီဟု သတင်းကြားသောအခါ၊ ဟေဇကိမင်းထံသို့ တမန်တော်တို့ကို စေလွှတ်ပြန်၍၊ ၁၀ သင်တို့သည် ယုဒမင်းကြီး ဟေဇကိကို ပြောသော စကားဟူမူကား၊ သင်ကိုးစားသော ဘုရားသခင်က ယေရုရှလင်မြို့သည် အာရှုရိရှင်ဘုရင် လက်သို့ မရောက်ရဟူ၍ သင့်ကို မလှည့်စားစေနှင့်။ ၁၁ အာရှုရိရှင်ဘုရင်တို့သည် ခပ်သိမ်းသော ပြည်တို့ကို လုပ်ကြံ၍ ရှင်းရှင်း ဖျက်ဆီးကြောင်းကို သင်သည် ကြားရပြီ။ ကိုယ်တိုင် လွတ်လိမ့်မည်လော။ ၁၂ ငါ့ဘိုးဘေးတို့သည် ဖျက်ဆီးသော အမျိုးသား၊ ဂေါဇန်အမျိုးသား၊ ခါရန်အမျိုးသား၊ ရေဇပ်အမျိုးသား၊ တေလသာမြို့၌ ရှိသော ဧဒင်အမျိုးသားတို့ကို သူတို့၏ ဘုရားများတို့သည် ကယ်ယူကြပြီလော။ ၁၃ ဟာမတ်မင်းကြီး၊ အာပဒ်မင်းကြီးနှင့် သေဖရဝိမ်မြို့၊ ဟေနမြို့၊ ဣဝါမြို့ကို စိုးစံသော မင်းကြီးတို့သည် အဘယ်မှာ ရှိကြသနည်း၊ ဟုမှာလိုက်လေ၏။
၁၄ ထိုမှာစာကို ဟေဇကိမင်းသည် သံတမန်လက်မှ ခံယူ၍ ကြည့်ပြီးလျှင် ဗိမာန်တော်သို့သွား၍ ထာဝရဘုရား ရှေ့တော်၌ ဖြန့်ထားလေ၏။ ၁၅ ထိုအခါ ဟေဇိကိမင်းသည် ထာဝရဘုရား ရှေ့တော်၌ လျှောက်ဆိုသည်ကား၊ ခေရုဗိမ်ပေါ်မှာ ထိုင်တော်မူသော ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား၊ ကိုယ်တော်သည် ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော် တစ်ပါးတည်းသာလျှင် မြေကြီးပေါ်မှာ ရှိသမျှသော အတိုင်းတိုင်း အပြည်ပြည်တို့၏ ဘုရားသခင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ကောင်းကင်နှင့် မြေကြီးကို ဖန်ဆင်းတော်မူ၏။ ၁၆ အိုထာဝရဘုရား၊ နားတော်ကိုလှည့်၍ နားထောင်တော်မူပါ။ အိုထာဝရဘုရား၊ မျက်စိတော်ကိုဖွင့်၍ ကြည့်ရှုတော်မူပါ။ သနာခရိပ်မင်းသည် အသက်ရှင်တော်မူသော ဘုရားသခင်ကို ကဲ့ရဲ့၍ ပြောစေသော စကားအလုံးစုံတို့ကို မှတ်တော်မူပါ။ ၁၇ အိုထာဝရဘုရား၊ အကယ်စင်စစ် အာရှုရိရှင်ဘုရင် တို့သည် အတိုင်းတိုင်း အပြည်ပြည်တို့ကို ဖျက်ဆီး၍၊ ၁၈ သူတို့၏ ဘုရားများကို မီးထဲသို့ ချပစ်ကြပါပြီ။ ထိုဘုရားတို့သည် ဘုရားမဟုတ်၊ လူလက်ဖြင့် လုပ်သော သစ်သားနှင့် ကျောက်ဖြစ်သောကြောင့် ပျက်စီးခြင်းသို့ ရောက်ကြပါပြီ။ ၁၉ အိုအကျွန်ုပ်တို့ဘုရား သခင်ထာဝရဘုရား၊ ကိုယ်တော် ထာဝရဘုရား တစ်ပါးတည်းသာ ဘုရားသခင် ဖြစ်တော်မူသည်ကို မြေကြီးပေါ်မှာ ရှိသမျှသော တိုင်းနိုင်ငံတို့သည် သိမည်အကြောင်း၊ အကျွန်ုပ်တို့ကို ထိုမင်းလက်မှ ယခုကယ်ယူတော်မူပါ။ အကျွန်ုပ် တောင်းပန်ပါသည်ဟု ပဌနာပြုလေ၏။
၂၀ ထိုအခါ အာမုတ်သား ဟေရှာယသည် ဟေဇကိမင်းထံသို့ စေလွှတ်၍၊ ဣသရေလ အမျိုး၏ ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် အာရှုရိရှင်ဘုရင် သနာခရိပ်အကြောင်းကြောင့် ငါ့ရှေ့မှာ ပြုသော ပဌနာစကားကို ငါကြားရပြီ။ ၂၁ ထိုမင်း၏အမှုမှာ ထာဝရဘုရား မိန့်တော်မူသော စကားဟူမူကား၊ ဇိအုန် သတို့သမီးကညာသည် သင့်ကို မထီမဲ့မြင်ပြု၍ ပြက်ယယ်၏။ ယေရုရှလင် သတို့သမီးသည် သင့်နောက်၌ ခေါင်းညှိတ်၏။ ၂၂ သင်သည် အဘယ်သူကို ကဲ့ရဲ့ဆဲရေးသနည်း။ အဘယ်သူကို အော်ဟစ်၍ မျက်နှာထောင်လွှားသနည်း။ ဣသရေလ အမျိုး၏ သန့်ရှင်းသော ဘုရားကိုပင် ပြုပါသည်တကား။ ၂၃ သင်သည် တမန်များအားဖြင့် ထာဝရဘုရားကို ကဲ့ရဲ့၍၊ ငါသည် ရထားများပြသဖြင့် တောင်ထိပ်သို့၎င်း၊ လေဗနုန်တောင် အထွဋ်သို့၎င်း၊ တက်လာပြီ။ အရပ်မြင့်သော အာရဇ်ပင်နှင့် အကောင်းဆုံးသော ထင်းရှူးပင်တို့ကို ငါခုတ်လှဲပြီ။ အဝေးဆုံးသော ခိုလှုံရာ အသီးများသော တောထဲသို့ ငါဝင်ပြီ။ ၂၄ ငါသည် တွင်းတူး၍ မမြည်းဘူးသော ရေကို သောက်ရပြီ။ ငါ၏ ခြေဖဝါးအားဖြင့် အဲဂုတ္တု မြစ်လက် ကြားရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။ ၂၅ ငါသည် အထက်က ဤအမှုကို စီရင်ကြောင်းနှင့် ရှေးကာလ၌ ပြုပြင်ကြောင်းကို သင်သည် မကြားသလော။ ယခုမှာလည်း သင်သည် ခိုင်ခံ့သော မြို့တို့ကို ဖျက်ဆီး၍၊ ကျောက်ပုံ ဖြစ်စေသောသူ ဖြစ်မည်အကြောင်း ငါစီရင်ခန့်ထားလေပြီ။ ၂၆ ထိုကြောင့် မြို့သားတို့သည် အားနည်းကြ၏။ မှိုင်တွေ၍ စိတ်ပျက်လျက် ရှိကြ၏။ တောမျက်ပင်တို့သည် စိမ်းသော စပါးပင်ကဲ့သို့၎င်း၊ အိမ်မိုးပေါ်မှာ ပေါက်သော မျက်ပင်နှင့် မကြီးမှီ ညှိုးနွမ်းသော စပါးပင်ကဲ့သို့၎င်း ဖြစ်ကြ၏။ ၂၇ သင်၏ နေထိုင်ခြင်း၊ ထွက်ဝင်ခြင်း၊ ငါ၌အမျက်ဟုန်းခြင်းတို့ကို ငါသိ၏။ ၂၈ ငါ၌ သင်၏ အမျက်ဟုန်းခြင်း၊ စော်ကားခြင်းကို ငါကြားရသောကြောင့်၊ သင့်ကို နှာရှုတ်တပ်၍ ဇက်ခွံ့ပြီးမှ၊ သင်လာသောလမ်းဖြင့် ပြန်စေမည်။
၂၉ သင်မှတ်ရသော နိမိတ်လက္ခဏာ ဟူမူကား၊ ယခုနစ်တွင် အလိုလိုကြီးရင့်သော အသီးအနှံကို၎င်း၊ ဒုတိယနှစ်တွင် ထိုအတူ ပေါက်သော အရာများကို၎င်း၊ သင်တို့သည် စားရမည်။ တတိယနှစ်တွင် မျိုးစေ့ကိုကြဲ၍ စပါးကိုရိတ်ကြလော့။ စပျစ်ဥယျာဉ်ကိုလည်း စိုက်၍ အသီးကို စားကြလော့။ ၃၀ ဘေးလွတ်၍ ကျန်ကြွင်းသော ယုဒအမျိုးသားတို့သည် တဖန်အောက်မှာ အမြစ်စွဲ၍ အထက်မှာ အသီးသီး ကြလိမ့်မည်။ ၃၁ ကျန်ကြွင်းသော သူတို့သည် ယေရုရှလင်မြို့ထဲက၎င်း၊ ဘေးလွတ်သော သူတို့သည် ဇိအုန်တောင်ပေါ်က၎င်း၊ ပေါ်လာကြလိမ့်မည်။ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရားသည် အလိုတော်အားကြီး၍ ထိုအမှုကို စီရင်တော်မူလိမ့်မည်။
၃၂ သို့ဖြစ်၍ ထာဝရဘုရားသည် အာရှုရိရှင်ဘုရင်ကို ရည်မှတ်၍ မိန့်တော်မူသည်ကား၊ သူသည် ဤမြို့သို့မဝင်ရ။ မြို့ထဲသို့ မြှားကိုမပစ်ရ။ မြို့ရှေ့မှာ ဒိုင်းလွှားကို မပြရ။ မြို့ပြင်မှာ မြေရိုးကိုမဖို့ရ။ ၃၃ လာသောလမ်းဖြင့် ပြန်သွားရမည်။ ဤမြို့ထဲသို့ မဝင်ရ။ ၃၄ ငါသည် ကိုယ်မျက်နှာကို၎င်း၊ ငါ့ကျွန် ဒါဝိဒ်၏ မျက်နှာကို၎င်း၊ ထောက်၍ ဤမြို့ကို ကယ်တင်ခြင်းငှါ စောင့်မမည်၊ ဟုထာဝရဘုရား မိန့်တော်မူ၏။
၃၅ ထိုညတွင် ထာဝရဘုရား၏ ကောင်းကင်တမန်သည် ထွက်၍ အာရှုရိတပ်တွင် လူတစ်သိန်း ရှစ်သောင်းငါးထောင်တို့ကို ဒဏ်ခတ်လေ၏။ နံနက်စောစော ထချိန်ရောက်သောအခါ၊ ထိုသူအပေါင်းတို့သည် အသေကောင် ဖြစ်ကြ၏။ ၃၆ အာရှုရိရှင်ဘုရင် သနာခရိပ်သည်လည်း ထိုအရပ်မှထွက်၍ ပြန်သွားပြီးလျှင် နိနေဝေမြို့၌ နေလေ၏။ ၃၇ နောက်တဖန် သူသည် မိမိဘုရား နိသရုတ်၏ ဗိမာန်၌ ကိုးကွယ်စဉ်တွင်၊ သားတော် အာဒြမ္မေလက် လက်နှင့် ရှရဇောသည် ခမည်းတော်ကို ဓားနှင့်သတ်ပြီးလျှင်၊ အာရမနိပြည်သို့ ပြေးကြ၏။ သားတော် ဧသရဟဒ္ဒုန်သည်လည်း ခမည်းတော်အရာ၌ နန်းထိုင်၏။