၃ ဓမ္မရာဇဝင်
အခန်းကြီး ၂၁
အာဟပ်က နာဗုတ်ဥယျာဉ်ကို တောင်း၍မရ
၁ ထိုနောက်မှ ယေဇရေလမြို့ နာဗုတ်ပိုင်သော စပျစ်ဥယျာဉ်သည် ယေဇရေလမြို့တွင်၊ ရှမာရိမင်းကြီး အာဟပ်၏ နန်းတော်နားမှာ ရှိသည်ဖြစ်၍၊ ၂ အာဟပ်မင်းက၊ သင့်စပျစ်ဥယျာဉ်သည် နန်းတော်နားမှာ ရှိသောကြောင့် ယာလုပ်စရာဘို့ပေးပါ။ သာ၍ကောင်းသော ဥယျာဉ်ကို ငါပေးမည်။ သို့မဟုတ် သင့်အလိုရှိလျှင် အဘိုးကိုပေးမည်၊ ဟုနာဗုတ်အားဆိုလျှင်၊ ၃ နာဗုတ်က၊ ဘိုးဘေးလက်မှ အမွေခံသောမြေကို ကိုယ်တော်အား ပေးရသောအမှုကို ထာဝရဘုရား ဆီးတားတော် မူပါစေသော်၊ ဟုပြန်လျှောက်၏။ ၄ ဘိုးဘေးမှ အမွေခံသောမြေကို မပေးရပါ၊ ဟုယေဇရေလမြို့သား နာဗုတ်လျှောက်သော စကားကြောင့် အာဟပ်မင်းသည် ညစ်ညူးသော စိတ်နှင့်ညိုးငယ်လျက်၊ နန်းတော်သို့သွား၍ အစာကိုမစား၊ မျက်နှာကိုလွှဲ၍သာ လွန်ပေါ်မှာ အိပ်လျက်နေ၏။
ယေဇဗေလက နာဗုတ်ကိုသတ်
၅ ခင်ပွန်းယေဇဗေလသည် လာ၍၊ အစာကို မစားနိုင်အောင် စိတ်တော်သည် အဘယ်ကြောင့် ညှိုးငယ်တော်မူသနည်း၊ ဟုမေးလျှင်၊ ၆ မင်းကြီးက၊ ယေဇရေလမြို့သား နာဗုတ်ကို ငါခေါ်၍ သင့်စပျစ်ဥယျာဉ်ကို ရောင်းပါ။ သို့မဟုတ် သင်အလိုရှိလျှင် အခြားသော ဥယျာဉ်ကို ငါပေးမည်၊ ဟုဆိုသော်၊ ထိုဥယျာဉ်ကို ကိုယ်တော်အား မပေးရ၊ ဟုပြန်ပြောသောကြောင့် စိတ်ညိုးငယ်သည်၊ ဟုဆို၏။ ၇ ခင်ပွန်း ယေဇဗေလက၊ ကိုယ်တော်သည် ဣသရေလ နိုင်ငံကို အစိုးရတော်မူသည် မဟုတ်လော။ ထ၍ ရွှင်လန်းသော စိတ်နှင့် စားတော်ခေါ်ပါ။ ကျွန်မသည် ယေဇရေလမြို့သား နာဗုတ်၏ စပျစ်ဥယျာဉ်ကို ဆက်ပါမည်၊ ဟုဆိုသည်အတိုင်း၊ ၈ အာဟပ်မင်း၏ အခွင့်နှင့် စာရေး၍ တံဆိပ်တော်နှင့် ခတ်ပြီးမှ၊ နာဗုတ်နေရာမြို့၌ သူနှင့်အတူနေသော အသက်ကြီးသူနှင့် မှူးမတ်များထံသို့ ပေးလိုက်လေ၏။ ၉ စာချက်ဟူမူကား၊ အစာရှောင်ရာ အချိန်ကို ကြွေးကြော်၍၊ နာဗုတ်ကို လူများရှေ့မှာ မြှောက်ထားကြလော့။ ၁၀ သူ့ရှေ့မှာ အဓမ္မလူနှစ်ယောက်ကို ထား၍၊ သင်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကို စွန့်ပယ်ပြီ၊ ဟုသက်သေခံပါလေစေ။ သို့ပြီးမှ သူ့ကိုထုတ်၍ သေစေခြင်းငှါ ကျောက်ခဲနှင့် ပစ်ကြလော့၊ ဟုပါသတည်း။ ၁၁ ယေဇဗေလ ပေးလိုက်သောစာ၌ ပါသည့်အတိုင်း၊ နာဗုတ်နေသော မြို့သား အသက်ကြီးသူနှင့် မှူးမတ်တို့သည် ပြုလျက်၊ ၁၂ အစာရှောင်ရာ အချိန်ကို ကြွေးကြော်၍ နာဗုတ်ကို လူများရှေ့မှာ မြှောက်ထားကြ၏။ ၁၃ အဓမ္မလူ နှစ်ယောက်သည်လာ၍ သူ့ရှေ့မှာပင် ထိုင်လျက်၊ နာဗုတ်သည် ဘုရားသခင်နှင့် ရှင်ဘုရင်ကို စွန့်ပယ်ပြီ၊ ဟုလူများရှေ့တွင် နာဗုတ်တဘက်၌ သက်သေခံကြလျှင်၊ နာဗုတ်ကို မြို့ပြင်သို့ထုတ်၍ သေအောင် ကျောက်ခဲ့နှင့် ပစ်ကြ၏။ ၁၄ ထိုအခါ နာဗုတ်သည် ကျောက်ခဲနှင့် ပစ်ခြင်းကိုခံရ၍ သေပါပြီ၊ ဟုယေဇဗေလ ထံသို့စေလွှတ်၍ ကြားလျှောက်ကြ၏။ ၁၅ ထိုအကြောင်းကို ယေဇဗေလသည် ကြားလျှင်၊ ယေဇရေလမြို့သား နာဗုတ် မရောင်းလိုသော စပျစ်ဥယျာဉ်ကို ထ၍ သိမ်းယူတော်မူပါ။ နာဗုတ်အသက်မရှိ၊ သေပါပြီ၊ ဟုဆို၏။ ၁၆ နာဗုတ်သေကြောင်းကို အာဟပ်သည် ကြားလျှင်၊ ယေဇရေလ မြို့သား နာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ ထသွား၏။
အာဟပ်မင်းထံ ဧလိယစေလွှတ်
၁၇ ထိုအခါ တိရှဘိမြို့သား ဧလိယသို့ ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်က၊ ၁၈ သင်သည် ရှမာရိမြို့၌ နေသော ဣသရေလ ရှင်ဘုရင် အာဟပ်ကို ကြိုဆိုအံ့သောငှါ ထသွားလော့။ သူသည် နာဗုတ်၏ စပျစ်ဥယျာဉ်ကို သိမ်းယူခြင်းငှါ သွား၍ ယခုဥယျာဉ်၌ ရှိ၏။ ၁၉ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် လူအသက်ကို သတ်၍ သူ့ဥစ္စာကို သိမ်းယူပြီလော။ တဖန်မိန့်တော်မူသည်ကား၊ ခွေးတို့သည် နာဗုတ်သွေးကို လျက်သောအရပ်၌ သင့်အသွေးကိုပင် လျက်ကြလိမ့်မည်၊ ဟုမိန့်တော်မူကြောင်းကို ဆင့်ဆိုလော့၊ ဟုမှာထားတော်မူ၏။
အာဟပ်အမျိုး ပယ်ဖြတ်မည် ယေဇဗေလ ခွေးစားမည်
၂၀ အာဟပ်ကလည်း၊ အချင်းရန်သူ၊ ငါနှင့်တွေ့ပြီလော၊ ဟုဧလိယအားဆိုလျှင်၊ ဧလိယက သင်သည် ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကိုပြု၍ ကိုယ်ကို ရောင်းသောကြောင့် သင်နှင့်ငါတွေ့ပြီ။ ၂၁ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင့်အပေါ်သို့ ဘေးဥပဒ် ရောက်စေမည်။ ဣသရေလ မြို့ရွာ၌ ချုပ်ထားသောသူဖြစ်စေ၊ အလွှတ်ပြေးသောသူ ဖြစ်စေ၊ အာဟပ် အမျိုးယောကျ်ားများကို ပယ်ဖြတ်မည်။ ၂၂ ငါ့အမျက်ကို နှိုးဆော်သောအပြစ်နှင့် ဣသရေလ အမျိုးကို ပြစ်မှားစေသော အပြစ်ကြောင့်၊ သင့်အမျိုးကို နေဗတ်၏သား ယေရောဗောင်အမျိုးနှင့် အဟိယ၏သား ဗာရှာအမျိုးကဲ့သို့ ငါဖြစ်စေမည်။ ၂၃ ယေဇဗေလ အမှုမှာ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ယေဇရေလ မြို့ရိုးနားမှာ ခွေးတို့သည် ယေဇဗေလကို စားကြလိမ့်မည်။ ၂၄ အာဟပ်အမျိုးသည် မြို့ထဲမှာသေလျှင် ခွေးစားလိမ့်မည်။ မြို့ပြင်မှာသေလျှင် မိုးကောင်းကင် ငှက်စားလိမ့်မည်၊ ဟုမိန့်တော်မူကြောင်းကို အာဟပ်အား ဆင့်ဆို၏။ ၂၅ အာဟပ်နှင့်တူသော သူတယောက်မျှ မရှိ။ ခင်ပွန်း ယေဇဗေလသည် တိုက်တွန်းသဖြင့်၊ ထာဝရဘုရား ရှေ့တော်၌ ဒုစရိုက်ကို ပြုလို၍ ကိုယ်ကို ရောင်းသောသူ ဖြစ်၏။ ၂၆ ထာ၀ရဘုရားသည် ဣသရေလ အမျိုးရှေ့မှ နှင်ထုတ်တော်မူသော အာမောရိအမျိုး သားပြုသမျှအတိုင်း၊ ရုပ်တုဆင်းတုကို ဆည်းကပ်၍ စက်ဆုပ်ရွံရှာဘွယ် အမှုကိုပြု၏။
အာဟပ်နှိမ့်ချ
၂၇ သို့ရာတွင် ဧလိယ အဆင့်ဆိုသော စကားတော်ကို ကြားလျှင်၊ မိမိအဝတ်ကိုဆုတ်၍ လျှော်တေ အဝတ်ကိုဝတ်၏။ အစာရှောင်ခြင်း၊ လျှော်တေအဝတ်၌ အိပ်ခြင်းကိုပြု၍ ဖြည်းဖြည်းသွားလာ၏။ ၂၈ ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် တိရှဘိမြို့သား ဧလိယသို့ ရောက်လာသည်ကား၊ ၂၉ အာဟပ်သည် ငါ့ရှေ့မှာ နှိမ့်ချသည်ကို မြင်ပြီလော။ ထိုသို့ ငါ့ရှေ့မှာ နှိမ့်ချသောကြောင့်၊ သူ့လက်ထက်၌ ထိုဘေးဥပဒ်ကို ငါမရောက်စေ၊ သူ့သားလက်ထက်၌ သူ့အမျိုးအပေါ်သို့ ရောက်စေမည်၊ ဟုမိန့်တော်မူ၏။