ကမ္ဘာဦးကျမ်း
အခန်းကြီး ၅၀
ယောသပ် သူ့အဘ သင်္ဂြိုလ်ဖို့ ဖါရောဘုရင်ထံ ခွင့်တောင်း
၁ ထိုအခါ ယောသပ်သည် အဘ၏မျက်နှာပေါ်မှာ ငုံ့၍ ငိုလျက် နမ်းလျက်နေ၏။ ၂ အဘ၏အလောင်းကို နံ့သာမျိုးနှင့် ပြင်ဆင်စေခြင်းငှာ၊ မိမိကျွန် ဆေးသမားတို့ကို အမိန့်ရှိ၍၊ သူတို့သည် နံ့သာတို့နှင့် ပြင်ဆင်ကြ၏။ ၃ နံသာမျိုးနှင့် ပြင်ဆင်သော အလောင်းကို၊ ထုံးစံရှိသည်အတိုင်း ထား၍၊ အရက်လေးဆယ်လွန်လျှင်၊ အဲဂုတ္တုလူတို့သည် ယာကုပ်ကြောင့် အရက် ခုနစ်ဆယ်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုကြ၏။ ၄ ငိုကြွေးမြည်တမ်းသော နေ့ရက်လွန်သောအခါ၊ ယောသပ်သည် နန်းတော်သားအချို့တို့ကို ခေါ်၍၊ သင်တို့သည် ကျွန်ုပ်ကို စေတနာစိတ်ရှိလျှင်၊ ဖာရောဘုရင်ထံသို့ သွား၍၊ ၅ ကျွန်တော်အဘက၊ ငါသေတော့မည်။ ခါနာန်ပြည်၌ ကိုယ်ဖို့ ငါတူးဖူးသော သင်္ချိုင်းတွင်း၌ ငါ့ကိုသင်္ဂြိုလ်ရမည်ဟူ၍ ကျွန်တော်ကို ကျိန်ဆိုစေပါပြီ။ ထိုကြောင့် ကျွန်တော်သွား၍၊ အဘကို သင်္ဂြိုလ်ပြီးမှ ပြန်လာပါမည် အကြောင်းကို၊ အသနားတော်ခံပါသည်၊ ဟုနားတော်လျောက်ကြပါလော့၊ ဟုဆို၏။ ၆ ဖာရောမင်းကလည်း၊ သင်၏အဘ ကျိန်ဆိုစေသည်အတိုင်း သွား၍၊ သင်္ဂြိုလ်လော့၊ ဟုမိန့်တော်မူ၏။
ယောသပ်ဦးဆောင်၍ အဘကို ခါနာန်ပြည်၌ သင်္ဂြိုလ်
၇ ယောသပ်သည် အဘကို သင်္ဂြိုလ်ခြင်းငှာ ထွက်သွား၍၊ ဖာရောမင်း၏ ကျွန်များတည်းဟူသော နန်းတော်အရာရှိ၊ အဲဂုတ္တုပြည်အရာရှိအပေါင်းတို့နှင့်၊ ၈ ယောသပ်အိမ်သား၊ အစ်ကိုတို့အိမ်သား၊ အဘအိမ်သား ရှိသမျှတို့သည် လိုက်ကြ၏။ သူငယ်တို့နှင့် သိုးနွားများကိုသာ၊ ဂေါရှင်ပြည်၌ ကျန်ရစ်စေကြ၏။ ၉ ထိုသို့လျှင် ရထားများ၊ မြင်းစီးသူရဲများ တည်းဟူသော အလွန်များစွာသော အလုံးအရင်းတို့သည် ယောသပ်နှင့်တကွ လိုက်သွားကြ၏။ ၁၀ ယောဒန်မြစ်နားမှာ အာတဒ် ကောက်နယ်တလင်းသို့ ရောက်သောအခါ၊ အလွန်ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်းကို ပြုကြပြန်၏။ ယောသပ်သည် မိမိအဘကြောင့် ခုနစ်ရက်ပတ်လုံး ငိုကြွေးမြည်တမ်းခြင်းကို ပြုလေ၏။ ၁၁ ထိုသို့ အာတဒ် (Atad) ကောက်နယ်တလင်း၌ပြုသော ငိုကြွေးမြည်တမ်းခြင်းကို၊ ထိုပြည်သား ခါနာန်လူတို့သည် မြင်လျှင်၊ အဲဂုတ္တုလူတို့သည် ပြင်းစွာငိုကြွေးမြည်တမ်းပါသည်တကား ဟုဆိုကြ၏။ ထိုကြောင့် ယော်ဒန်မြစ်အနားမှာရှိသော ထိုအရပ်ကို၊ အဗေလမိဇရိမ်ဟူ၍ သမုတ်ကြသတည်း။ ၁၂ ယာကုပ်သားတို့သည်၊ အဘမှာထားသည် အတိုင်းပြုကြ၏။ ၁၃ ခါနာန်ပြည်သို့ ဆောင်သွား၍၊ အာဗြဟံသည် ကိုယ်ပိုင်သော သင်္ချိုင်းဖို့ ဟိတ္တိအမျိုးသား ဧဖရုန်၌ ဝယ်သော မံရေရှေ့(Mamre)၊ မပ္ပေလ (Machpelah) [A] လယ်ပြင်တွင်ရှိသော မြေတွင်း၌ သင်္ဂြိုလ်ကြ၏။ ၁၄ ယောသပ်သည်အဘကို သင်္ဂြိုလ်ပြီးလျှင်၊ အစ်ကိုများမှစ၍ မသာ လိုက်သောသူ အပေါင်းတို့နှင့်တကွ အဲဂုတ္တုပြည်သို့ ပြန်လေ၏။
ယောသပ်အစ်ကိုများက ယောသပ်ကို တောင်းပန်ကြ
၁၅ ယောသပ်အစ်ကိုတို့သည် အဘသေသည်ကို သိမြင်လျှင်၊ ငါတို့ကို ယောသပ်သည် အညှိုးထားကောင်း ထားလိမ့်မည်။ ငါတို့သည်အထက်က သူ့ကိုညှဉ်းဆဲသောကြောင့်၊ ငါတို့အား ဧကန်အမှန်ပြန်၍ ညှဉ်းဆဲလိမ့်မည်၊ ဟုစိုးရိမ်လျက်၊ ၁၆ သူ့ထံသို့ တမန်ကိုစေလွှတ်၍၊ ကိုယ်တော်အစ်ကိုတို့သည် မကောင်းသောအမှုကို ကိုယ်တော်အားပြုမိ၍၊ ၁၇ ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကို လွှတ်တော်မူပါ၊ ဟုကိုယ်တော်အား ကြားလျှောက်ရမည်အကြောင်း၊ ခမည်းတော်မသေမှီ ကျွန်တော်တို့ကို မှာထားခဲ့သည်ဖြစ်၍၊ ယခုတွင် ခမည်းတော်၏ ဘုရားသခင်ကျွန်တို့၏ အပြစ်ကို လွှတ်တော်မူပါ၊ ဟုလျှောက်ကြ၏။ ထိုသို့ လျှောက်သောအခါ၊ ယောသပ်သည် မျက်ရည်ကျလေ၏။ ၁၈ အစ်ကိုတို့သည်လည်း ဝင်၍ ယောသပ်ရှေ့မှာ ပြပ်ဝပ်လျက်၊ ကျွန်တော်တို့သည် ကိုယ်တော်၏ကျွန် ဖြစ်ကြပါသည်၊ ဟုလျှောက်ကြ၏။ ၁၉ ယောသပ်ကလည်း၊ မစိုးရိမ်ကြနှင့်။ ကျွန်ုပ်သည် ဘုရားသခင်ကိုယ်စား ဖြစ်သလော။ ၂၀ သင်တို့သည် ကျွန်ုပ်ကို ညှဉ်းဆဲမည် ကြံကြသော်လည်း၊ ဘုရားသခင်သည် ယနေ့ဖြစ်သည်အတိုင်း၊ လူများ အသက်ချမ်းသာစေခြင်းငှာ ကျေးဇူးပြုမည် ကြံတော်မူ၏။ ၂၁ ထိုကြောင့်၊ မစိုးရိမ်ကြနှင့်။ သင်တို့နှင့်သူငယ်များကို ကျွန်ုပ်ကျွေးမွေးမည်၊ ဟုဆိုလျက်၊ သူတို့ကို နှစ်သိမ့်စေ၍ မေတ္တာစကားကို ပြောလေ၏။
ယောသပ် အသက် တစ်ရာ့တစ်ဆယ် တွင်သေ
၂၂ ထိုသို့ ယောသပ်သည် မိမိအဘ၏ အမျိုးသားတို့နှင့် အဲဂုတ္တုပြည်၌နေ၍၊ အသက် တစ်ရာ့တစ်ဆယ်ကို မှီ၏။ ၂၃ ဧဖရိမ်၏မြေးကို မြင်ရ၏။ မနာရှေ၏သား၊ မာဓိရ၏ သားသမီးတို့ကိုလည်း မိမိဒူးပေါ်မှာ မွေးစားရ၏။ ၂၄ ယောသပ်ကလည်း၊ ကျွန်ုပ်သေတော့မည်။ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာတော်မူမည်။ အာဗြဟံ၊ ဣဇာက်၊ ယာကုပ်တို့အား ကျိန်ဆိုတော်မူသော ပြည်သို့၊ ဤပြည်မှ ဆောင်သွားတော်မူမည်၊ ဟုအစ်ကိုတို့အားဆို၏။ ၂၅ တဖန်တုံ၊ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာတော်မူမည်။ အကျွန်ုပ်အရိုးတို့ကို ဤအရပ်မှ ယူသွားရမည်ဟူ၍၊ ဣသရေလအမျိုးသားတို့ကို ကျိန်ဆိုစေ၏။ ၂၆ ထိုသို့ ယောသပ်သည် အသက် တစ်ရာ့တစ်ဆယ် ရှိသော်၊ အနိစ္စရောက်လေ၏။ အလောင်းကိုကား၊ နံ့သာမျိုးနှင့် ပြင်ဆင်ပြီးလျှင် အဲဂုတ္တုပြည်၌ တလားနှင့် ထားကြလေ၏။
ရှင်မောရှေ စီရင်ရေးထားသော ကမ္ဘာဦးကျမ်းပြီး၏။